ရှမ်းပြည်နယ်တွင် မြန်မာတပ်မတော်မှ ပြည်သူပိုင်မြေယာ လုယက်မှုများ ဆက်လက်လုပ်ဆောင်နေ

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စုရှိ လွှဲကြီး(ရှမ်း) ၊ ကိုးကွေ့ ၊ ဧဒင် ၊ လက်ဆွဲ ကျေးရွာများနှင့် ထိန်ပင်ကျေးရွာအုပ်စုရှိ လုံးထိုကျေးရွာ၏ ရွာနယ်နိမိတ်အတွင်း တပ်နယ်အဖြစ် သတ်မှတ်ရန် ခလရ (၁၂၂) တပ်ရင်းမှ လာရောက်သတ်မှတ်တိုင်းတာခဲ့တာကြောင့် ဒေသခံများမှ စိုးရိမ်နေကြသည်။

တိုင်းရင်းသားဒေသခံဘက်က မြေယာပိုင်ဆိုင်ကြောင်းအထောက်အထား ပုံစံ ၁၀၅ လက်ဝယ်သော်လည်း အတုများသာဖြစ်ကြောင်း တပ်မတော်မှ ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။

တပ်နယ်မြေအဖြစ်သတ်မှတ်သည့်ဧရိယာအတွင်း လူနေအိမ်များ၊ လယ်ယာမြေများ၊ ဥယျဉ်ခြံမြေများ၊ အများပိုင်းအဆောက် အဦးနှင့် သချိင်္ုင်းမြေများ ပါဝင်နေသည်ဟု ဒေသခံများက ဆိုသည်။


အဆိုပါနယ်မြေကို အထက်အမိန့်အရ ဆိုပြီး တပ်မတော်မှ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် လာရောက်တိုင်းတာ ခဲ့ခြင်းဖြစ်ကာ ပြည်သူတွေကို လက်နက်အားကိုးပြီး မြေယာကို လုယူနေသည်ဟု ဒေသခံများက ပြောသည်။

"ကကကြီး နယ်မြေဆိုပြီး စည်းနယ်နိမိတ်လာသတ်မှတ်တယ်။ ကားလမ်းအောက်ပိုင်း၊ နောက်ပြီး ကိုးကွေ့၊ ကားလမ်းနဲ့ ချောင်းကြားထဲ ကိုးကွေ့ရွာကို အဲ့ထောင့်ချွန်း တစ်ခုပါတယ်။ အဲ့ထောင့်ချွန်းမှာ အိမ်ထောင်စု (၁၁) ခုလောက်ပါတယ်။ တပ်က ကျွန်တော်တို့ ပြည်သူလူထုတွေကို နိုင်ထက် စီးနှင်း လုပ်ပြီးတော့မှ အနိုင်ကျင့်နေတာ။ လက်နက်အားကိုးပြီး မြေကိုလုယူနေတာ။ ဗမာစစ်တပ်ကို ကျွန်တော်တို့ သဘော မကျဘူး။"

တပ်မြေသတ်မှတ်ဧရိယာအတွင်း နေအိမ်များ၊ အဆောက်အဦးများ ဖျက်သိမ်းပေးရန်နှင့် မဖျက်သိမ်းပါက ရဲဘော်များနှင့် ဖျက်သိမ်းမည်ဖြစ်ကြောင်းကို တပ်က ပြောဆိုနေကြောင်း အဆောက်အဦး ပိုင်ရှင်များထံမှ သိရရသည်။


သြဂုတ်လ (၁၇) ရက်နေ့တွင် တပ်မတော်သား (၂) ဦးမှ ဧဒင်ကျေးရွာ၏ သမိုင်းအချက်အလက်၊ ပြည်ထဲရေး
ပေါက်မပေါက်၊ ကျေးရွာတည်ထောင်သည့်အမိန့်စာ ရှိမရှိနှင့် လူဦးရေစာရင်းများ လာရောက်ကောက်ခံ ခဲ့ကြောင်း ဧဒင်ကျေးရွာတွင် နေထိုင်သည့် ကျေးရွာအတွင်းရေးမှူး ဦးမိုးစက်က ပြောသည်။

လုံးထိုကျေးရွာ ဥက္ကဌ ဦးသန်းလွင်ကလည်း ၎င်းတို့ ရွာသားများအနေဖြင့် ပိုင်မြေတွေ၊ ဥယာဉ်ခြံတွေ တပ်မှ သိမ်းဆည်းမည်ဆိုရင် ရွာသားတွေမှာ ဒုက္ခရောက်မည်ဟု ဆိုသည်။


တပ်နယ်မြေအဖြစ် သတ်မှတ်တိုင်းတာမှုလုပ်ဆောင်နေသည့် ကျေးရွာ (၅) ရွာသည် ၁၉၉၀ ဝန်းကျင်ခန့်တွင် တည်ထောင်ခဲ့သည့် ကျေးရွာများဖြစ်ပြီး ၄င်းကျေးရွာများတွင် ကယန်း၊ ဗမာ၊ ရှမ်း၊ ပအိုဝ့်နှင့် ကရင်ဖြူ တိုင်းရင်းသားများနေထိုင်ကြသည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် ခလရ (၁၂၂) တပ်ရင်းမှ နေပြည်တော်ကောင်စီနယ်မြေရှိ လွှဲကြီး (မန်း) ကျေးရွာကို ပြောင်းရွှေ့စေခဲ့ပြီးဖြစ်သည်။ ယခု သြဂုတ်လတွင်လည်း ခလရ (၁၂၂) တပ်ရင်းမှ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာ (၅) ၏ ရွာနိနယ်မိတ်များကို ကာကွယ်ရေးနယ်မြေအဖြစ် သတ်မှတ်ရန် တိုင်းတာမှု လုပ်ဆောင်နေခြင်းဖြစ်သည်။

0 မှတ်ချက်များ for "ရှမ်းပြည်နယ်တွင် မြန်မာတပ်မတော်မှ ပြည်သူပိုင်မြေယာ လုယက်မှုများ ဆက်လက်လုပ်ဆောင်နေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++