ကျနော်ကြားဖူးတဲ့ ရိုဟင်ဂျာ ဆိုသူများအကြောင်း (ပြည်ပသမိုင်း မှတ်တမ်း)

ဗမာတွေကြားမှာ ရိုဟင်ဂျာဆိုတဲ့အသံကြားရင်ကို ဒေါသဖြစ်တာတွေ့ ရပါတယ်။ ဒီနာမည်ကို ရခိုင်သမိုင်း၊ မြန်မာနိုင်ငံသမိုင်းမှာမတွေ့ရပါဘူး။ အိန္ဒိယနဲ့မြန်မာနိုင်ငံကို နှစ်ပေါင်း ၁ ရာကျော် အုပ်ချုပ်သွားတဲ့ ဗြိတိသျှ အစိုးရရဲ့ သန်းခေါင်းစာရင်းမှာလဲ မတွေ့ရဘူးလို့ မြန်မာနိုင်ငံမှာ တာဝန်ကျခဲ့ဖူးတဲ့ ဗြိတိသျှသံ အမတ်ကြီးဟောင်းကပြောတယ်လို့ ဆောင်းပါး တစောင်မှာ ဖတ်လိုက်ဖူးပါတယ်။ ပြင်သစ်သမိုင်းဆရာ ဂျက် လီဒါ ကလဲ ရိုဟင်ဂျာဆိုတဲ့လူမျိုး သမိုင်းမှာ မတွေ့ရဘူးလို့ပြောထား တာလဲတွေ့ ရပါတယ်။

 (ပြည်တွင်းနိုင်ငံရေးသမားတချို့ရဲ့လုပ်ရပ်)။

 နိုင်ငံရေးသမားဟောင်းတဦးကတော့ ကျနော့်ကိုအခုလိုပြောဖူးတယ်။ အရင်က ရခိုင်ပြည်မြောက်ပိုင်းက  မွတ်စလင်တချို့ ဖဆပလအစိုးရကို ပုန်ကန်တဲ့လက်နက် ကိုင်တိုက်ပွဲတွေမှာပါခဲ့ပြီး၊ အလံနီတွေနဲ့ ပူးပေါင်း ဖူးတယ်။ အဲဒီတုန်းက မင်းတို့က ရိုဟင်ဂျာဆိုတဲ့ လူမျိုးတွေဆိုပြီး အလံနီခေါင်းဆောင်က သူတို့ကိုပြောတယ်တဲ့။ ကွယ်လွန်သွားပြီဖြစ်တဲ့ ရခိုင်တိုင်းရင်းသား ဦးသာဘန်းကတော့ ရိုဟင်ဂျာဆိုတာ ဗိုလ်ချုပ်အောင်ကြီး တို့လုပ်ခဲ့တာ။ သူတို့အဲဒီကိစ္စ အကုန်သိတယ်လို့ပြောခဲ့ဖူးပါတယ်။ ဖဆပလအစိုးရခေတ်တုန်းကတော့ အဲဒီမွတ်စလင် သူပုန်တွေကို မူဂျာဟစ်ဒင်တွေ လို့သုံးခဲ့ဖူးတာလဲ တွေ့ရပါတယ်။ အဲဒီမူဂျာဟစ်တွေကို တိုက်ခိုက်ဖမ်းဆီးနှိမ်နင်းပြီး အင်းစိန်ထောင်ထဲထည့်ထားခဲ့ဖူး ပါတယ်။ နောက်တော့ သူတို့ကလက်နက်ချလို့ ဗိုလ်ချုပ်နေဝင်းတို့ ဗိုလ်ချုပ်အောင်ကြီးတို့က ရိုဟင်ဂျာလို့ အသိအမှတ်ပြုခဲ့ပြီး၊ မြန်မာ့အသံမှာ ကဏ္ဍတခုပေးခဲ့ပါတယ်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတယောက်ရဲ့ပြောပြချက်)။

လွန်ခဲ့တဲ့ ၉ နှစ်လောက်က ဝါရှင်တန်ဒီစီက တိုက်တတိုက်မှာနေတုန်း ဓါတ်လှေခါး အတက်အဆင်းမှာ အသက် ၆၀ ကျော် ၇၀ နီးပါး မွတ်စလင်အဖိုးကြီးတယောက်နဲ့ အမြဲလိုလို ဆုံနေရာကနေ သူက ခင်ဗျား ဘယ်နိုင်ငံကလဲလို့မေးတော့ ဗမာပြည်ကလို့လဲပြော လိုက်ရော၊ ကျနော်က ခင်ဗျားနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကလို့ သူက ဝမ်းသာ အားရနဲ့ပြောပါတယ်။ ပြီးတော့ဆက်ပြောတယ်။ ကျနော်တို့ဆီက လူတွေက အရင်ကဆို ခင်ဗျားတို့နိုင်ငံဘက်ကိုသွားကြပြီး အလုပ်လုပ်ကြတယ်။ ခင်ဗျားတို့ဘက်က အလုပ်အကိုင်ကောင်း တယ်လေ။ အခုနောက်ပိုင်း ခင်ဗျားတို့နိုင်ငံလဲ စီးပွားရေး အခြေအနေ မကောင်းတော့ ကျနော်တို့ဆီကလူတွေ အရှေ့အလယ်ပိုင်းကို သွားကြတယ်တဲ့။ ဒါက ဘင်္ဂလားဒေ့ရှ် အရပ်သားတယောက် ပြောတာပါ။ နယ်စပ်ဆိုတော့ ဟိုဘက်ဒီဘက် ကူးလူးဆက်ဆံမှု ဆိုတာရှိတာပေါ့။ ထိုင်းနိုင်ငံမှာ စီးပွားရေးကောင်းတော့ ဗမာပြည် ဘက်ကလူတွေနယ်စပ်တွေသွား အလုပ်လုပ်သလိုဖြစ်မယ်လို့ တွေးဆမိတယ်။ နောက်ဖြစ်ရပ်တခုကဒီလိုပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်မှာ ကျနော်က ဝါရှင်တန်ကနေ နယူးယောက်ကို မကြာခနသွားရတော့ တခါမှာ ဘပ်စ်ကားပေါ် ဘင်္ဂလားဒေ့ရှ်ကနေ အလည်လာတဲ့ ဗိုလ်မှူးတယောက် နဲ့ ထိုင်ခုံကပ်လျက်ထိုင်ရပါတယ်။ ခရီးက မိုင် ၂ ရာကျော်၊ အချိန်က ၄ နာရီကျော်လောက်စီးရတော့ သူကမိတ်ဖွဲ့ရင်း ဘင်္ဂလားဒေ့ရှ် စစ်တပ် ကအရာရှိ ဆိုတာ သိလိုက်ရတာပါ။ ကျနော့်ကိုလဲဘယ်ကလဲလို့ မေးတော့ ကျနော်က ဗမာပြည်ကပေါ့။ ကျနော်အဲလိုလဲပြောရော အဲဒီပုဂ္ဂိုလ်က မဆိုင်းမတွပဲ ဘာပြောလဲဆိုတော့ ငါတို့နိုင်ငံဘက် ကိုရောက်နေတဲ့ ရိုဟင်ဂျာတွေကို မင်းတို့ဘက်ကပြန်ခေါ်ရမယ်တဲ့။ ဟာ ကျနော်လဲချက်ချင်းပြန်ပြောတယ်။ အဲဒီလူတွေက မင်းတို့ဘက် ကမဟုတ်လား။ မင်းတို့နဲ့ ကိုးကွယ်တာရော ဘာသာစကားရော တူတယ်လေလို့ပြောတော့ သူကအကြောက်အကန် ငြင်းပါလေရော။ နောက်တော့ သူကလေပြေပြန်ထိုးတယ်။ မင်းတို့ ဗမာပြည်က အကျယ်ကြီးပါ။ ငါတို့ ဘင်္ဂလားဒေ့ရှ် ထက်လဲကြီးပါတယ်။ လူဦးရေ လဲငါတို့နိုင်ငံလောက် မရှိသေးတော့ မင်းတို့ဘက်မှာ လက်ခံထားရင် သူတို့အတွက် အဆင်ပြေပါတယ်တဲ့။ ကျနော်လဲ သူနဲ့ဆက်ပြောလို့ ဘာမှအကျိုးမဖြစ်နိုင်တဲ့အတွက် စကားမပြောတော့ဘူး။ စိတ်ထဲဘာတွေးမိလဲဆိုတော့ သူ့ကြည့်ရတာ အသက် ၄၀ ကျော်။ အလုပ်က စစ်ဗိုလ် ဆိုတော့၊ အော် သူတို့ဘက်မှာလဲ မျိုးဆက်သစ်တွေ ကြားထဲ ဒီလိုပဲ ဝါဒဖြန့်ထားမှာ ပေါ့လေလို့။ ဝါရှင်တန်က အဖိုးကြီး ကတော့ အရပ်သား၊ ပြီးတော့ အသက်အရွယ် ကလဲကြီးတော့ သူကအခြေအနေမှန်ကိုပြောတာပဲဆိုတာ သုံးသပ်မိလိုက်တယ်။

(ပြည်တွင်းနေမွတ်စလင်တွေရဲ့အမြင်)။

 ဗမာပြည်မှာတုန်းက ကျနော်စီးပွားရေးတခုလုပ်တော့ မင်္ဂလာဈေးနားက မွတ်စလင်တချို့နဲ့ အလုပ် ဆက်စပ်လုပ်ခဲ့ဖူးတယ်။ သူတို့က မိုလ်ဘိုင်းဆီတွေသွင်းပြီး ဖြန့်နေတာ။ အဲဒီဆီပုံးတွေမှာ လက်ဆောင် တီရှပ်တထည်ဆီထည့်ပေးချင်လို့ တီရှပ်အော်ဒါအပ်တာကို ကျနော်က ချုပ်ပြီးသွင်းပေးတာပါ။ သူတို့နဲ့ အလုပ် အတူလုပ်တော့ တနေ့ အဲဒီမွတ်စလင် စီးပွားရေးသမားက ကျနော့်ကို ဒီလို ပြောတယ်။ ရခိုင်ဘက်ကပြောင်းလာတဲ့ မွတ်စလင်တွေ နဲ့ကျနော်တို့ဒီမှာရှိတဲ့ မွတ်စလင်တွေ မတူဘူး ဗျတဲ့။ ကျနော်လဲ အံ့သြသွားပြီး၊ ဟုတ်လား ဘယ်လိုမတူတာလဲလို့ မေးတော့ သူကဆက်ပြောတယ်။ ကျနော်တို့လို ဒီမှာမွေး ဒီမှာကြီးတဲ့ ဌာနေမွတ်စလင်တွေက ခင်ဗျားတို့နဲ့ အတူကြီးပြင်းကြတာဆိုတော့ တယောက် နဲ့တယောက် နားလည်ကြတယ်၊ ယဉ်ကျေးမှုသိတယ်။ ဒါပေမယ့် ရခိုင်ဘက်ကပြောင်းလာ တဲ့ မွတ်စလင်တွေက ကျနော်တို့လို မယဉ်ကျေးဘူးဗျ။ စီးပွားရေးမှာလဲ ဘယ်လိုမှ လက်တွဲ လို့မကောင်းဘူး။ ကျနော်တို့တော့ ကြည့်မရဘူးလို့ပြောတော့ ကျနော့်မှာ ဗဟုသုတတခုရ လိုက်တယ်။ နောက်တခါ ကန်တော်လေး ၁၂၆ လမ်းဇာတိလို့ပြောလို့ရတဲ့ မွတ်စလင်မိတ်ဆွေတွေနဲ့ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတွေ့တော့ သူတို့ကပြောပြန်ရော။ လမ်းထဲကို ကုလားတွေ တော်တော် ပြောင်းလာကြတာ၊ နေဖို့တောင် မကောင်းတော့ဘူးဗျာတဲ့။ အဲဒီစကားကြား တော့ ကျနော်မှင်တက်မိသွားတယ်။ ဘာလို့ဆိုတော့ ကျနော့်ကိုပြောနေ တဲ့သူကိုယ်တိုင်က မွတ်စလင်လေ။ သူကလဲ စောစာက စီးပွားရေးသမားပြောပြသလိုပဲ ပြည်တွင်းနေ မွတ်စလင်တွေနဲ့ ရခိုင်ပြည်ဘက် ကပြောင်းလာတဲ့ မွတ်စလင်တွေ ယဉ်ကျေးမှုနဲ့စရိုက်တွေ မတူတဲ့ အကြောင်း၊ သူတို့အနေနဲ့ ဗမာတွေနဲ့နေရတာ ငယ်ပေါင်းကြီးဖေါ်ဖြစ်လို့ ဘာမှပြသနာ မရှိတဲ့အကြောင်းပြောပြတယ်။

 (ရေတပ်အရာရှိဟောင်းတယောက်ရဲ့ပြောဆိုချက်)။

မနှစ်က ရန်ကုန်ရောက်တုန်း ရေတပ်အရာရှိဟောင်းတယောက် နဲ့အမှတ်မထင်တွေ့ခဲ့ တယ်။ သူက အခု စည်ပင်သာယာမှာအရာ ရှိဖြစ်နေတယ်။ သူနဲ့နိုင်ငံရေးအကြောင်းတွေ၊ ဌာနဆိုင်ရာအကြောင်း တွေ ပြောရင်း စကားလက်ဆုံကျတော့ ရခိုင်ပြည်နယ်စပ်က မွတ်စလင်တွေအကြောင်းရောက်သွားပြီး သူ့ဆီကလဲ ဖြစ်ရပ်တချို့ကို အခုလိုကြားခဲ့ရ တယ်။ ကျနော်တို့ရေတပ်က အဲဒီနယ်စပ်ကမွတ်စလင်တွေကို ရန်ကုန်ဘက်ခိုးသွင်းတာမိသွားလို့ တပ်ရင်းမှူး လိုက်တောင် ထောင်ကျသွားတာတွေရှိခဲ့တယ်တဲ့။

(ရိုဟင်ဂျာရေးလှုပ်ရှားသူလူငယ်တယောက်ဖွင့်ဟဝန်ခံချက်)။

ဒီလိုခိုးသွင်းတာတွေ၊ လဝကတွေက လာဘ်စားပြီး မှတ်ပုံတင် လုပ်ပေးတာတွေရှိတယ် ဆိုတာနဲ့ ပတ်သက်လို့ ဘာပြောချင်လဲလို့ ဟိုတလောကတွေ့လိုက်တဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူဆိုတဲ့ ရန်ကုန်ပေါက်မွတ်စလင် လူငယ်တယောက်ကိုမေးတော့ သူက မငြင်းဘူး။ ဟုတ်ပါတယ်။ အဲဒီလို ဖြစ်ရပ်တွေလဲ ရှိပါတယ်တဲ့။ ဒါပေမယ့် သူကအထွန့်တော့တက် လိုက်သေးတယ်။ ဒီလို ပိုက်ဆံပေးပြီး မှတ်ပုံတင် လုပ်တယ်ဆိုတာကလဲ ခင်ဗျားသိတဲ့အတိုင်းပဲလေ၊ သူတို့ကို အစိုးရက မှတ်ပုံတင်မှထုတ် မပေးတာတဲ့။ သေချာတာကတော့ အဲဒီ မောင်တောနယ်စပ်မှာ တာဝန်ကျခဲ့ဖူးတဲ့ လဝကတွေ၊ အကောက်ခွန် တွေ၊ ရဲအရာရှိတွေ၊ ရေတပ်ကပုဂ္ဂိုလ်တွေ တချိန်က တိုက်ဆောက် ကားစီးနိုင်ခဲ့ကြတယ်။ နောက်တခုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဘူးလို့ပြောတယ်။ ခင်ဗျားဘယ်လိုပြောချင်လဲဆိုတော့ သူက ထုံးစံအတိုင်း ရခိုင်ပြည်မှာရှေးဘုရင်တွေ လက်ထက်ကတည်းက မွတ်စလင်တွေရှိခဲ့တယ် ဘာသာရေးအဆောက်အဦးတွေ ရှိခဲ့တယ်လို့ ပြောတယ်။ မွတ်စလင်တွေရှိခဲ့တာဟာ ရိုဟင်ဂျာရှိခဲ့တယ်လို့ဆိုလိုတာလား ဆိုတော့ သူဘာမှဆက်မပြောဘူး။

(ပြည်တွင်းပေါက်မွတ်စလင်တွေနဲ့ဗမာများ)။

ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး၊ ရမည်းသင်းစတဲ့ ပြည်တွင်းမှာမွေး ပြည်တွင်းမှာကြီးပြီး အစိုးရ ကျောင်းတွေမှာ ဗမာတွေနဲ့ အတူကျောင်းတက်ခဲ့တဲ့ မွတ်စလင်တွေကတော့ ဗုဒ္ဓဘာသာရယ်၊ မွတ်စလင်ရယ်၊ ခရစ်ယာန်ရယ်မဟုတ်ပဲ ရှေးနှစ်ပေါင်းများစွာကတည်းက လည်ပင်းဖက်ပေါင်းလာကြတာ အထင်အရှားပါ။ အင်္ဂလိပ်ကိုလိုနီဆန့်ကျင်ရေးခေတ် နိုင်ငံရေးခေါင်းဆောင်တွေထဲမှာလဲ မွတ်စလင်တွေ ပါခဲ့သလို၊ အာဇာနည်ခေါင်းဆောင် ကြီးတွေထဲလဲ ဦးရာဇတ်တို့ ကိုထွေးတို့လို ပြည်တွင်းပေါက် မွတ်စလင်တွေ ပါခဲ့ပါ တယ်။ ၈ လေးလုံးအရေးတော်ပုံမှာလဲ မွတ်စလင်တွေပါခဲ့ပါတယ်။ ကျနော်တို့ငယ်သူငယ်ချင်းတွေထဲမှာလဲ မွတ်စလင်တွေရှိပါတယ်။ ကျနော်တို့လည်ပင်းဖက် ပေါင်းကြတယ်။ ပြောမနာဆိုမနာပေါင်းကြ တယ်။ သူတို့အိမ်တွေမှာလဲညအိပ်ညနေ နေဖူးတယ်။ သူတို့ကလဲ စိတ်ထဲဘာမှ မခွဲခြားသလို ကျနော်တို့လဲ စိတ်ထဲဘာမှမရှိဘူး။ သူတို့ရဲ့ အမတွေ နှမတွေကလဲ ကျနော်တို့အမတွေ နှမတွေလိုပဲပေါင်းကြ တယ်။ မုန့်အိဒ်နေ့ဆို စမိုင်စားလိုက်၊ အိဒ်ကြီးနေ့ဆို သူတို့လာပေးတဲ့ အမဲသားတို့ ဆိတ်သား တို့စားလိုက်နဲ့။ တရုတ်တွေနဲ့လဲဒီလိုပါပဲ။ ငယ်သူငယ်ချင်းတွေရှိတာပဲ။ တရုတ်နှစ်ကူးဆိုလဲ သူတို့အလှူမှာစား တာပဲ။ ကျနော်တို့အိမ်တွေက အလှူတွေဆိုလဲ သူတို့လာကြတာပဲ။ အဲဒီလိုနေခဲ့ ကြတာ။ ၈၈ မှာစစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှား တော့လဲ မွတ်စလင်တွေပါခဲ့ တာပဲ။ အဖမ်းခံထောင်ကျတော့လဲ ထောင်ထဲမှာ မွတ်စလင်ရဲဘော်တွေနဲ့ တခန်းထဲအတူ နေရတဲ့အခါနေကြရတယ်။ ဘာမှမဖြစ်ဘူး။ ယုံကြည်ချက်တူ လျှောက်လမ်းတူကြတယ်။ သေချာတာတခုက စစ်အစိုးရကသူ့ကိုဆန့်ကျင်ရင် မွတ်စလင်လဲနှိပ်ကွပ်သလို၊ ဗုဒ္ဓဘာသာ မို့လို့လဲ ချမ်းသာပေးတာ မဟုတ်ဘူး။ ဘုရားတွေလိုက်ပြုပြင်၊ ဘုန်းကြီးတွေကိုဘွဲ့တွေကပ်၊ အလှူ တွေလုပ်ပြတဲ့ စစ်ဗိုလ်ချုပ်တွေက ကိုယ့်ဗုဒ္ဓဘာသာအချင်းချင်း မို့လို့ဆိုပြီး သက်ညှာ ခဲ့တာမရှိဘူး။ စစ်အစိုးရနှိပ်စက်လို့ အကျဉ်းစခန်းတွေ ထဲမှာ၊ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ဦးမောင်ကိုတို့ ခရမ်းဦးတင်မောင်ဝင်းတို့ မုံရွာဦးတင်ရွှေတို့ ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဌဦးခင်မောင်မြင့်တို့ ၊ ဦးညိုဝင်းတို့၊ ကိုစည်သူတို့ ကိုသက်ဝင်းအောင် တို့သေဆုံးရ သလို၊ ဦးရေဝတတို့လို ရဟန်းတော်တွေလဲ ကျောက်ထုစခန်းအပို့ခံရပြီးပျံလွန်တော်မူခဲ့ရ တယ်။ မွတ်စလင်ဖြစ်တဲ့ စာရေးဆရာ မောင်သော်ကလဲ သေဆုံးခဲ့ရတယ်။ ဧရာဝတီတိုင်း ထော်ပိုင်စစ်ဆင်ရေးအပြီး ဖမ်းလာတဲ့ ကရင်တိုင်းရင်းသားတွေလဲ ထောင်ထဲသေသွားတဲ့ လူတွေရှိတယ်။ စစ်အစိုးရရဲ့မျက်စိ မှာ အာဏာအမြင်ပဲရှိပြီး၊ ဘာသာရေးအမြင်မရှိ တာကိုပြောပါတယ်။

 (မထိန်းချုပ်နိုင်တဲ့ ရေပြင်နဲ့နယ်စပ်)။

သြစတေးလျနိုင်ငံမှာ ခေတ်မှီရေတပ်ရှိတာတောင် သီရိလင်္ကာနဲ့ အရှေ့အလယ်ပိုင်းက လှေစီးခိုးဝင်တာကို မထိမ်းချုပ်နိုင်လို့ အဲဒီပြသနာကိုခုထိမဖြေရှင်းနိုင်သေးဘူး။ မြန်မာအစိုးရတပ်မှာ အရင်ခေတ်က ရေတပ်အတွက် စစ်သင်္ဘော ၃ စင်းပဲရှိခဲ့တယ်။ အခုနောက်ပိုင်းမှ တရုတ်ကစစ်သင်္ဘောလေးတွေ ထပ်ဝယ်ပြီးဖြည့် ထားတာ။ ဆိုလိုတာက သြစတေးလျတောင်သူ့ရေပြင်ကိုမထိမ်းနိုင်တာ၊ ဗမာ့ရေတပ် က ဘယ်လိုလုပ်ထိန်းနိုင် မလဲဆိုတာတွေးကြည့်လို့ ရတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကနေ ဗမာ့ပင်လယ်ပြင်ဖြတ်ပြီး တနင်္သာရီတိုင်းဘက်ကိုလဲ ဝင်နိုင်တာပဲ။ ရခိုင်ပြည်နယ်ထဲကိုလဲ ဝင်နိုင်တာပဲ။ အထူးသဖြင့် ၁၉၇၀ နောက်ပိုင်း မောင်တောဘက်မှာ မွတ်စလင်တွေပိုများလာတယ်ဆိုတာ အမြဲကြား ရတယ်။ အဲဒါကို မဆလအစိုးရက သေသေချာချာကိုင်တွယ်ခဲ့တာမဟုတ်ဘူး။ ဘာစစ်ဆင်ရေး၊ ညာစစ်ဆင်ရေး ဆိုပြီး တချက်တချက်လုပ်ပြတယ်။ နိုင်ငံတကာနဲ့ ဘင်္ဂလားဒေ့ရှ်ကအော်ရင် ပြန်လက်ခံ ရပြန်ရော။ အဲဒီလိုနဲ့ မုန့်လုံးစက္ကူကပ်ခဲ့တဲ့နှစ်တွေက မဆလခေတ် နဝတ/နအဖခေတ် ဆယ်စုနှစ်တွေ ချီခဲ့ပြီး မောင်တောမှာ မွတ်စလင်က ၉၇ ရာခိုင်နှုန်းလောက်ထိဖြစ်လာခဲ့တယ်။

(အာဏာရပါတီတွေနဲ့စစ်အစိုးရရဲ့နိုင်ငံရေးကစားကွက်)။

ရခိုင်ပြည်မြောက်ပိုင်းက မွတ်စလင်တွေနဲ့ပတ်သက်လို့ ဦးနုအစိုးရ လက်ထက်မှာလဲ မဲရဖို့အသုံးချခဲ့၊ အထောက်အထားမှတ်ပုံ တင်တွေပေးခဲ့တာရှိသလို၊ ပြီးခဲ့တဲ့ ကြံ့ဖွံ့ အစိုးရလက်ထက်မှာလဲ ဝှိုက်ကတ် ဆိုပြီး အများကြီးထုတ်ပေးခဲ့တာရှိတာပဲ။ သူတို့ထဲကမှ ကြံ့ဖွံ့ရဲ့လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ တောင် လွှတ်တော်ထဲ ပါလာခဲ့သေးတာပဲ။ စစ်အစိုးရလက်ထက် ၁၉၉၁ လောက်ကလဲ ဘင်္ဂလားဒေ့ရှ် နဲ့စစ်ဖြစ်တော့ မလောက်တောင် သွားလုပ်ခဲ့ပြီး၊ နောက်တော့လဲ ပြန်လက်ခံရတာပဲ။ အာဏာအတွက် ဒီလိုအကွက်ရွှေ့ခဲ့ကြတာ။

(NLD အစိုးရရဲ့အကြပ်အတည်း)။

ဗမာပြည်မှာခုထိ NLD အာဏာရတယ်ဆိုပေမယ့် ၊ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေးဆိုတာ အစိုးရ အောက်မှာ မဟုတ်ပါဘူး။ ကာချုပ်အောက်မှာပါ။ အဲတော့ ထောက်လှမ်းရေးအစီရင် ခံစာတွေကို နေ့စဉ်ဘယ်သူတွေ ရနေလဲ။ သမ္မတဆီ အဲဒီအစီရင်ခံစာနေ့စဉ်ရောက် ရဲ့လား။ ထောက်လှမ်းရေးက အဲဒီအနောက်တံခါးမှာ အလုပ်မလုပ်ဘူး လား။ အလုပ်လုပ်ထားတယ် ဆိုရင် အခုရက်ပိုင်းထကြွလာတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကြိုပြီးမသိဘူးလား ဆိုတာက တွေးစရာပါ။ ငါတို့ကြိုသိတယ်ဆိုရင်လဲ ရဲစခန်း ၂၀ ကျော် တပြိုင်နက်တည်း ဝင်တိုက်ခံရတာမျိုးဘာကြောင့်ဖြစ်သွားလဲ။ ရဲတပ်ဖွဲ့ရဲ့ စွမ်းအားကိုလဲ ကျောင်းသား သပိတ်တုန်းက လက်ပံတန်းမှာ တော်တော်တွေ့လိုက်ရပါတယ်။ ကျောင်းသားတွေကိုဝိုင်းရိုက် ဝိုင်းဖမ်း လိုက်ကြတာ။ ဒါပေမယ့် ဘူးသီးတောင်၊ မောင်တော ဘက်မှာတော့ အဲဒီလိုအစွမ်း ရှိတဲ့ရဲတွေ မတွေ့ရဘူးလို့ ထောက်ပြနေကြတာလဲတွေ့ရတယ်။ အဲဒီဖြစ်ရပ်မတိုင်ခင် ရက်ပိုင်းကတင် ရခိုင်ပါတီခေါင်းဆောင်တွေနဲ့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေတွေ့ကြ၊ ရခိုင်ဘက်ကိုလုံခြုံရေး အင်အားဖြည့်တယ်ဆိုပြီး တပ်အင်အားပို့ကြနဲ့တွေ့လိုက်ရ သေးတယ်။

(ရိုဟင်ဂျာတွေရဲ့နိုင်ငံတကာလှုပ်ရှားမှု)။

ရိုဟင်ဂျာလို့ခံယူထားတဲ့သူတွေထဲက ပညာတတ်တချို့က အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေမှာ တော်တော်ထိုးဖေါက်ထား တာတွေ့ရတယ်။ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ရေးရာကော်မတီမှာဆို သူတို့လူမျိုးတွေ ဖိနှိပ်ခံနေရတယ်ဆိုတဲ့ အကြောင်းကို မကြာခဏကြားနားပွဲ လုပ်ခွင့်ရနေတယ်။ ဗြိတိန်ပါလီမန်နဲ့ ဥရောပသမဂ္ဂမှာလဲ တော်တော်ချဉ်းကပ်ထားနိုင်တယ်။ ဒီတော့ နိုင်ငံတကာသတင်းဌာနတွေမှာလဲ သူတို့အကြောင်းတွေ ဦးစားပေးဖေါ်ပြခံနေရတယ်။ ကမ္ဘာမှာလဲ မွတ်စလင်အဖွဲ့ကြီးတွေက ငွေကြေးတောင့်တင်းပြီး သြဇာကြီးတော့ သူတို့ရဲ့ကျောထောက်နောက်ခံလဲ ရနေကြတယ်။

(ရခိုင်နဲ့ဗမာတိုင်းရင်းသားတွေရဲ့အားနည်းချက်)။

 ရိုဟင်ဂျာတွေက နိုင်ငံတကာကလွှတ်တော်တွေ၊ အစိုးရအဖွဲ့ဝင်တွေကို တော်တော်ချဉ်းကပ် ထားနိုင်ပေမယ့်၊ ရခိုင်နဲ့ဗမာတိုင်းရင်းသားတွေက ဒီကိစ္စမှာသူတို့လောက် ထိုးမဖေါက်နိုင် ဘူးဆိုတာ တွေ့ရတယ်။ အွန်လိုင်းပေါ်မှာ ဆဲဆိုကြိမ်းမောင်းတာလောက်ပဲ အဓိကလုပ်နေကြတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ ဖြစ်ရပ်တွေ၊ လဝက၊ ရဲနဲ့ စစ်တပ်တို့က လာဘ်စားတာတွေကို နိုင်ငံတကာမှာ သေသေချာချာရှင်းပြနိုင်စွမ်းမတွေ့ရဘူး။ ဒီတော့ နိုင်ငံတခုလုံးနဲ့ခြုံပြောရင် လူများစုနဲ့ လူနည်းစု ပဋိပက္ခဖြစ်နေသလို ပုံဖေါ်ခံနေရတယ်။ ပြီးတော့လဲ သူတို့ဘက်က နိုင်ငံတကာသည်းခြေကြိုက် လူ့အခွင့်အရေး ဆိုတဲ့အလံကို တောက်လျှောက်ဆွဲကိုင်ပြီးပြော နေတော့ တိုင်းရင်းသားတွေဘက်က အလွန်လိုဖြစ်နေတယ်။ ဒီကြားထဲ အမျိုးဘာသာ၊ သာသနာအတွက်ဆိုပြီး မဆင်မခြင်လုပ်နေကြတဲ့ လူတစုရဲ့လုပ်ရပ်တွေကလဲ မွတ်စလင်တွေနိုင်ငံတကာမှာ ဂရုဏာမဲရအောင် လုပ်ပေးသလိုဖြစ်နေတာတွေ့ရတယ်။

 (ဘယ်လိုဖြေရှင်းကြမလဲ)။

 နှစ်ပေါင်းများစွာ ပြည်တည်နာလိုဖြစ်နေတဲ့ဒီပြသနာကို တလထဲ၊ တနှစ်ထဲနဲ့ပြေလည်ဖို့ ဆိုတာတော့ နတ်သကြားတွေ၊ ဖန်ဆင်းရှင် တွေတောင် လုပ်ဖို့မလွယ်လှပါဘူး။ အဲတော့ နံပါတ်တစ်ကတော့၊ အာဏာ ရှိတဲ့စစ်တပ်ခေါင်းဆောင်တွေနဲ့အစိုးရထိပ်ပိုင်း ပုဂ္ဂိုလ်တွေက တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ လိုအပ်တယ် ဆိုတဲ့ သန္နိဌာန်နဲ့ရော နိုင်ငံတကာအမြင်နဲ့ပါ ဖြေရှင်းနိုင်ဖို့လိုပါတယ်။ တကယ်တော့ ရခိုင်ပြည်မြောက်ပိုင်းပြသနာဟာ လူမျိုးရေး၊ ဘာသာရေးပြသနာ မဟုတ်ဘူးဆိုတာကို နိုင်ငံတကာကို ယုံကြည်အောင်ပြ ဖို့လိုတယ်။ နိုင်ငံရေးကစားကွက်တခုအနေနဲ့မလုပ်မိဖို့လိုတယ်။ နံပါတ်နှစ်က ဘာသာရေး၊ လူမျိုးရေးအသွင်ဖြစ်အောင် လှုံ့ဆော်တဲ့သူဆိုရင် ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ထားဖို့လိုတယ်။ နံပတ်သုံးက အဲဒီလိုလုပ်နေတာကို ပွင့်လင်းမြင်သာအောင် ပြည်တွင်းပြည်ပ သတင်း ဌာနတွေ၊ နိုင်ငံတကာအစိုးရဆီကို သတင်းပေါက်နိုင်မယ့် အဖွဲ့တွေ ကိုလွတ်လွတ်လပ်လပ် သွားလာ သတင်းယူခွင့်ပေးထားဖို့လိုတယ်။ ဒီနေရာမှာ ပြောချင်တာက သူတို့လုံခြုံရေးကိစ္စပါ။ အစိုးရနဲ့တပ်က လုံခြုံရေးယူပေးတာလောက်ပဲလုပ်ပြီး၊ ကျန်တာ မကန့်သတ်ဖို့ပါပဲ။ အစိုးရနဲ့စစ်တပ် က အခုသတင်း ထုတ်ပြန်နေတာပဲလို့ပြောလိမ့်မယ်။ အဲဒီလိုထုတ်ပြန်တာ မှန်နေဦးတော့ နိုင်ငံတကာ ကယုံကြည်မှု နည်းပါတယ်။ လွတ်လပ်တဲ့သတင်းဌါန တွေရဲ့ ထုတ်ပြန် ချက်ကိုမှ ပိုပြီးယုံကြည်တာပါ။ ပြီးတော့ နံပါတ်လေးက လူတိုင်းကိုကျောသားရင်သား မခွဲပဲ၊ အပြစ်ရှိတဲ့သူဆိုအရေးယူ။ အကူအညီလိုတဲ့ သူဆို ဘယ်ဘာသာ ဝင်မဆိုကူညီပေး၊ ကာကွယ်ပေးတာတွေလုပ်ရပါလိမ့်မယ်။ ဒါက လတ်တလော ဆောင်ရွက်သင့်တဲ့ ကိစ္စတွေပါ။ ရေရှည်မှာတော့ ဘာသာတူ၊ လူမျိုးတူချင်းပဲစုနေတတ်ကြတဲ့ ဓလေ့တွေပျောက်အောင် လုပ်ပေးဖို့ လိုသလို၊ အလုပ်အကိုင်တွေဖန်တီးပေးပြီး ဝင်ငွေတွေ ကောင်းလာအောင် လုပ်ပေးရမှာပါ။ မွတ်စလင်တွေရော ဗုဒ္ဓဘာသာဝင်တွေပါ ပညာရေးမြှင့်တင်ဖို့၊ အစိုးရကျောင်းတွေမှာ အတူကျောင်းတက်နိုင်ကြဖို့ လုပ်ပေးရမှာပါ။ ဒါမှရေရှည်မှာ တယောက် နဲ့တယောက် ဘာသာမတူ လူမျိုးမတူလဲ ရင်းနှီးနားလည်လာကြမှာပါ။ မတူကွဲပြားသူတွေအတူ ညီညွတ်ပေါင်းစည်း နေထိုင်ခြင်းကို ပညာဉာဏ်နဲ့နားလည် ကျင့်ကြံအောင်သွန်သင်သွားရမှာပါ။ အခုပွဲက အင်အားယှဉ် ကစားတဲ့ပွဲ မဟုတ်ပါဘူး။ ပညာဉာဏ်နဲ့ကစားရ မယ့်ပွဲပါ။ ကျိတ်ပြီးဖြေရှင်းရမယ့် ပွဲမဟုတ်ပါဘူး။ လူထုထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုနဲ့ဖြေရှင်းရမယ့်ပွဲပါ။ ဒါကြောင့် ရေရှည်မှာ ပညာဉာဏ် နည်းတဲ့လူ ခံရပါလိမ့်မယ်။

(နောင်ဂျီး)
စက်တင်ဘာလ ၆ ရက် ၂၀၁၇။

0 မှတ်ချက်များ for "ကျနော်ကြားဖူးတဲ့ ရိုဟင်ဂျာ ဆိုသူများအကြောင်း (ပြည်ပသမိုင်း မှတ်တမ်း)"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++