ISIS စစ်သွေးကြွကို ခုခံကာကွယ်ဖို့ သြစတြေးလျ အစိုးရ တပ်လှန့်ထား
အစွန်းရောက် အစ္စလာမ္မစ် ISIS စစ်သွေးကြွအဖွဲ့ဝင် ထဲမှာ သြစတြေးလျနိုင်ငံသား ၁၀၀ ကျော် ပါဝင်နေ တာကြောင့် ပြည်တွင်းအကြမ်းဖက် တိုက်ခိုက် ခံရနိုင်ခြေ အမြင့်ဆုံးအဆင့်ထိ သတ်မှတ်လိုက်ပြီး သြစတြေးလျအစိုးရက တပ်လှန့်ထားလိုက်ပါတယ်။
ထောက်လှမ်းရေးအချက်အလက်တွေကို ကိုးကားပြီး သြစတြေးနိုင်ငံကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့၊ တိုက်ခိုက်မယ့်သူတွေ ရှိနေတယ်ဆိုတာကို သိထားတယ်လို့ သြစတြေးလျ ၀န်ကြီးချုပ် Tony Abbott က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆီးရီးယားနဲ့ အီရတ်မှာ ISIS စစ်သွေးကြွအဖွဲ့နဲ့သွားရောက်ပူးပေါင်းကြတဲ့ သြစတြေးလျနိုင်ငံသားတွေ အခြေအနေကြောင့် လွန်ခဲ့တဲ့တနှစ်အတွင်း အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်အဆင့်သတ်မှတ်ချက်ကို အလယ်အလတ်အဆင့်ကနေ ကြီးမားတဲ့အဆင့်အထိ တိုးမြှင့်လိုက်တာဖြစ်တယ်လို့ မစ္စတာ Tony Abbott က ပြောပါတယ်။
ISIS စစ်သွေးကြွထဲမှာ သြစတြေးလျနိုင်ငံသား အယောက် ၆၀ လောက်ရှိုပြီး အယောက် ၁၀၀ လောက် ဟာလည်း အစွန်းရောက်အဖွဲ့တွေကို ကူညီထောက်ပံ့နေတယ်လို့ သြစတြေးလျ အစိုးရက ခန့်မှန်းထား ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ပွဲဆင်နွဲပြီး နိုင်ငံထဲပြန်လာတဲ့ ISIS အဖွဲ့ဝင် သြစတြေးလျနိုင်ငံသား အယောက် ၂၀ ထက်မနည်းရှိတယ်ဆိုတာ သတိပြုမိတယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။


0 မှတ်ချက်များ for "ISIS စစ်သွေးကြွကို ခုခံကာကွယ်ဖို့ သြစတြေးလျ အစိုးရ တပ်လှန့်ထား"