ISIS အဖွဲ့ အမြစ်ပြတ်ချေမှုန်းမယ့် အမေရိကန်ရဲ့အစီအစဉ်အပေါ် အာရပ် ၁၀ နိုင်ငံ သဘောတူ

အစ္စလမ္မစ်နိုင်ငံတော် တည်ထောင်တယ်လို့ ကြေ ညာထားတဲ့ အစွန်းရောက် အစ္စလာမ္မစ် စစ်သွေးကြွ ISIS အဖွဲ့ကို ချေမှုန်းတိုက်ခိုက်မယ့် အမေရိကန်ရဲ့ အစီအစဉ်မှာ ပူးပေါင်းကြဖို့ အာရပ် ၁၀ နိုင်ငံတို့က  သဘောတူ လိုက်ပါတယ်။

ISIS စစ်သွေးကြွကို ချေမှုန်းမယ့်အစီအစဉ်နဲ့ ပတ် သက်ပြီး ဗုဒ္ဓဟူးနေ့မှာ သမ္မတ အိုဘားမားက မိန့်ခွန်းပြောကြားပါတယ်။

ISIS စစ်သွေးကြွကို အမြစ်ပြတ် ချေမှုန်းဖို့ လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်မှာ မဟာမိတ်တပ်တွေနဲ့ အတူ တိုးမြှင့်တိုက်ခိုက်သွားမယ်လို့ ပြောကြားသွားပါတယ်

အာရပ် ၁၀ နိုင်ငံ ညွန့်ပေါင်းအဖွဲ့တို့ဟာ ဆော်ဒီအရေးဗျားနိုင်ငံ Jeddah မြို့မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry နဲ့ ဆွေးနွေးကြပြီး ISIS စစ်သွေးကြွအဖွဲ့ကို ချေမှုန်းမယ့်အမေရိကန်ရဲ့ အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောတူကြပါတယ်။

အမေရိကန်နဲ့ လက်တွေ့ဆောင်ရွက်ဖို့ အာရပ် ၁၀ နိုင်ငံညွန့်ပေါင်းအဖွဲ့ အစပြိုးလာနေတဲ့အပေါ် ရုရှားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထောက်ခံမှုမပါဘဲ ISIS အဖွဲ့ကိုတိုက်ရင် နိုင်ငံတကာ ဥပဒေကို ချိုးဖေါက် ရာရောက်တယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့သတိပေးပြောကြားမှုကို မစ္စတာ John Kerry က ပယ်ချလိုက်ပြီး ယူကရိန်းမှာ ပဋိပက္ခတွေကို ဖန်တီးပြီး ယူကရိန်းနိုင်ငံရဲ့ Crimea ဒေသကို သိမ်းပိုက်တဲ့ ရုရှားဟာ အခုလို နိုင်ငံတကာ ဥပဒေချိုးဖောက် တယ်၊ ကုလသမဂ္ဂနဲ့ ဆိုင်တယ် ပြောဆိုတာတွေဟာ ရယ်စရာ ဖြစ်တယ်လို့ John Kerry က ပြောပါတယ်။

အစွန်းရောက် အစ္စလာမ္မစ် ISIS ဟာ ရုရှားနိုင်ငံကိုပါ ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တယ်ဆိုတာ ရုရှား အနေနဲ့ သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း John Kerry က ပြောကြားပါတယ်။

0 မှတ်ချက်များ for " ISIS အဖွဲ့ အမြစ်ပြတ်ချေမှုန်းမယ့် အမေရိကန်ရဲ့အစီအစဉ်အပေါ် အာရပ် ၁၀ နိုင်ငံ သဘောတူ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++