CNA ချင်းတပ်ဖွဲ့နဲ့ ဆက်သွယ်တယ် ဆိုပြီး အစိုရတပ် က ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်

ချင်းပြည်နယ် ပလက်ဝမြို့  နယ်မှာ ချင်းအမျိုးသား တပ်မတော် CNA နဲ့ အဆက်အသွယ် လုပ်တယ် လို့ စွပ်ဆွဲပြီး မြန်မာအစိုးရလက်နက်ကိုင်တပ်ဖွဲ့ ခလရ (၃၄၄)က ဒေသခံတွေကို ဖမ်းဆီး ချုပ်နှောင် အကြမ်းဖက် ညှင်းပမ်းနှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။ 

CNA တပ်ဖွဲ့နဲ့အဆက်အသွယ်လုပ်တယ်ဆိုပြီး ပလက်ဝမြို့ နယ်၊ ကုန်ပြင်ကျေးရွာနေ ရွာသား ၇ ဦးအား  ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ ရသေ့တောင်အခြေစိုက် ခလရ (၃၄၄) တပ်ရင်းမှူး တင်ထွဋ်ဦးကို အရေးယူပေးဖို့  ချင်းဒေသခံတွေက ချင်းပြည်နယ် ၀န်ကြီးချုပ်ထံ စက်တင်ဘာလ ၉ ရက်နေ့မှာ တိုင်ကြားထားပါတယ်။

တိုင်းကြားတဲ့စာထဲမှာ ကုန်ပြင်ကျေးရွာ၏ ဆယ်အိမ်မှူး တာဝန်ထမ်းဆောင်သူ ဦးရွှေစိန်၊ ဦးမောင်စိန်၊ ဦးကျော်မြင့်ဦး၊ ဦးအောင်ကျော်လှ၊ ဦးအေးလှ၊ ဦးကျော်အောင်၊ ဦးအောင်တို့ကို တပ်ရင်းမှူးနှင့် အဖွဲ့ က ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။  

နောင်တွင် CNA အဖွဲ့နဲ့ အဆက်အသွယ်မလုပ်ဖို့ သတင်းမပေးဖို့ တပ်ရင်းမှူး တင်ထွဋ်ဦးက ၎င်း ပြင်ဆင် ထားတဲ့ ၀န်ခံဂတိပြု စာရွက်လွှာပေါ် အတင်းလက်မှတ်ရေး ထိုးခိုင်းပြီး ရွာသား ၆ ဦးကို ပြန်လွတ်ပေးပေမယ့် ကုန်ပြင်ကျေးရွာ ဆယ်အိမ်မှူး  ဦးရွှေစိန်ကိုတော့ ဆက်လက်ဖမ်းထားနေတယ်လို့ ဆိုပါတယ်။ 

မတရားဖမ်းဆီးနှိပ်စက်ခံခဲ့ရတဲ့ ဦးကျော်မြင့်ဦး၊ ဦးအောင်ကျော်လှ၊ ဦးအေးလှ၊ ဦးမောင်စိန်၊ ဦးကျော်အောင်၊ ဦးအောင်ဆို တို့ဟာ ပလက်ဝမြို့ နယ် ကုန်ပြင်ကျေးရွာသားများဖြစ်ကြပြီး တောင်ယာလုပ်ငန်း လုပ်ကိုင် စားသောက်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။  

 ချင်းအမျိုးသားတပ်မတော် CNA ဟာ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိမြန်မာအစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထားတဲ့တိုင်းရင်း လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တခု ဖြစ်ပါတယ်။

CNAနဲ့ ဆက်သွယ်လို့ အခုလို ဖမ်းဆီးနှိပ်စက်ခံနေတာဟာ တိုင်းရင်းလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအပေါ် အစိုးရတပ်မတော်တွေရဲ့ သဘောထားအမှန်ဖော်ပြနေတာဖြစ်ပြီး ငြိမ်းချမ်းမှုအတွက် ယုံကြည်မှုတွေ ထိခိုက်စေတယ်လို့ အမည်မဖော်ပြလိုတဲ့ UNFC အဖွဲ့ ခေါင်းဆောင် တဦးက ပြောပါတယ်။

0 မှတ်ချက်များ for "CNA ချင်းတပ်ဖွဲ့နဲ့ ဆက်သွယ်တယ် ဆိုပြီး အစိုရတပ် က ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++