ယူကရိန်းအရေး ရုရှားအပေါ် အရေးယူပိတ်ဆို့မှု အမေရိကန်နဲ့ EU တိုးချဲ့ ချမှတ်

ယူကရိန်းခွဲထွက်ရေးသူပုန်ကို ထောက်ပံ့ပေးပြီး ယူကရိန်းနိုင်ငံထဲကို ကျူးကျော်လာတဲ့ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့ ချမှတ်ဖို့ ကျင်းပခဲ့တဲ့ ဥရောပသမဂ္ဂ ထိပ်သီးစည်းဝေး ပွဲကနေ အမေရိကန်နဲ့ EU တို့က သဘောတူ ချမှတ်လိုက် ပါတယ်။

ရုရှားအပေါ် တိုးချဲ့ချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေဟာ ရုရှားနိုင်ငံရဲ့ လောင်စာစွမ်းအင်၊ ဘဏ္ဍာငွေကြေးနဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေဖြစ်ပြီး သောကြာနေ့မှာ စတင်အသက်ဝင်မှာ ဖြစ် ပါတယ်။

အသစ်ချမှတ်တဲ့ ပိတ်ဆို့မှုတွေထဲမှာ ကာကွယ်ရေးဆိုင်ရာကုမ္ပဏီ ၅ ခုနဲ့ လက်နက် နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီ Rostec တို့အပြင် ရုရှားနိုင်ငံက အကြီးဆုံးဘဏ်ဖြစ်တဲ့ Sberbank တို့ပါဝင်ပြီး Gazprom လို့ခေါ်တဲ့ ရုရှားအစိုးရပိုင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီ၊ Gazprom Neft ၊ The Rosneft ၊ Lukoil နဲ့ Surgutneftegaz ရေနံကုမ္ပဏီတွေနဲ့ ရုရှားရေနံပိုက်လိုင်း လုပ်ငန်းတွေကို ၀န်ဆောင်ပေးမှုပေးနေတဲ့ Transneft တို့ လည်း ပါဝင်ပါတယ်။

သောကြာနေ့ အစောပိုင်းမှာ ဒဏ်ခတ်အရေးယူလိုက်တဲ့ လူပုဂ္ဂိုလ်တွေထဲမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေး အဖွဲ့ ခေါင်းဆောင်တွေ၊ ရုရှားထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နိုင်ငံရေးသမားတွေ ပါဝင်ပြီး သမ္မတ Vladimir Putin နဲ့ ရင်းနှီးတဲ့ မိတ်ဆွေလည်းဖြစ်၊ Rostec ကုမ္ပဏီအကြီးအကဲလည်းဖြစ်တဲ့ Sergei Chemezov နဲ့ အစွန်းရောက်အမျိုးသားရေးဝါဒီ Vladimir Zhirinovsky တို့လည်း ပါဝင်ပါတယ်။

ယူကရိန်းအစိုးရတပ်ဖွဲ့နဲ့ ရုရှားအစိုးရထောက်ပံ့ကူညီပေးတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန်ကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့တယ်လို့ ဆိုကြပေမယ့် အပြန်အလှန်တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ် ပွားနေပြီး ရုရှားအစိုးရ လက်နက်တပ်ဖွဲ့တွေလည်း ယူကရိန်းနိုင်ငံထဲ ကျူးကျော်ဝင်ရောက်နေပါတယ်။

0 မှတ်ချက်များ for "ယူကရိန်းအရေး ရုရှားအပေါ် အရေးယူပိတ်ဆို့မှု အမေရိကန်နဲ့ EU တိုးချဲ့ ချမှတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++