ရုရှားကြောင့် ကြီးကျယ်တဲ့ စစ်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ ယူကရိန်းကာကွယ်ရေး ဝန်ကြီး ပြောကြား

ယူကရိန်းနိုင်ငံမှာ ရုရှားကြောင့် လူပေါင်းထောင်သောင်းနဲ့ချီ သေ ဆုံးစေမယ့် တကယ့်ကြီးကျယ်တဲ့ စစ်ပွဲကြီးတရပ်ဖြစ်လာနိုင်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ (၁)ရက်မှာ ရုရှားအစိုးရလက်နက်တပ်ဆင်ပေးထားတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန်တွေက လူဟန့်စ်ခ်မြို့ရှိ နိုင်ငံ တကာ
လေဆိပ်ကို ရုရှားလုပ်တင့်ကားတွေနဲ့ အပြင်းအထန် ထိုးဖောက် တိုက်ခိုက်လာလို့ ယူကရိန်းတပ်တွေက ဆုတ်ခွာလိုက်ရပါတယ်။

ဒါကို ယူကရိန်းကာကွယ်ရေးဝန်ကြီး Valeriy Heletey က ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ မမြင်ရတော့တဲ့ စစ်ပွဲကြီးတစ်ခုဟာ အခုဆိုရင် ကျနော်တို့ရဲ့အိမ်ရှေ့မှာ ရောက်ရှိနေပြီး အဲဒီလိုစစ်ပွဲမှာ ကံဆိုးစွာနဲ့ပဲ ထောင်နဲ့သောင်းနဲ့ချီ ဖြစ်သွားနိုင်ပါတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားဖော်ပြ ပါတယ်။

NATO စစ်မဟာမိတ်အဖွဲ့ကလည်း ယူကရိန်းပိုင်နက်ထဲ ရုရှားတပ်များ ဝင်ရောက်နေပုံကို ပြီးခဲ့သည့် သီတင်းပတ်က ဂြိုဟ်တု ဓာတ်ပုံများဖြင့် ထုတ်ပြန် ပြသခဲ့ပါတယ်။

ရုရှားဟာ ဗြောင်ကျကျ လွန်လွန်ကျူးကျူး လုပ်ရပ်မျိုးနဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုရဲ့ အချုပ်အခြာအာဏာကို ထိပါးတာပဲလို့ ယူကရိန်းသမ္မတ Petro Poroshenko က ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres ကလည်း ယူကရိန်း ပြဿနာ အမြန် မပြီးဆုံးသရွေ့ ဆိုးရွာတဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်ပြီး ဒေသတစ်ခုလုံး မတည်မငြိမ် ဖြစ်သွားနိုင် တယ်လို့သတိပေးလိုက်ပါတယ်။

ရုရှားအစိုးရကတော့ ယူကရိန်းသူပုန်တွေကို လက်နက်တပ်ဆင်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှန်ကန်ဘူးလို့ အစဉ်တစိုက် ငြင်းဆန်နေပါတယ်။

ယူကရိန်းအရှေ့ပိုင်းက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာခဲ့ကြရသူ တစ်သန်းကျော်ရှိသွားပြီး အဲဒီထဲမှာ ရုရှား နိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်ခဲ့ကြသူ အရေအတွက်က သိသိသာသာများပြားလာနေသလို နေရပ် ကနေ စွန့်ခွာကြရတဲ့ ယူကရိန်းဒေသခံ ဦးရေဟာလည်း သိသိသာသာမြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

အာဏာပိုင်တွေကို အကြောင်းမကြားသူတွေလည်း ရှိနေတဲ့အတွက် ထွက်ပြေးကြရတဲ့သူတွေရဲ့ အရေ အတွက်ဟာ ဒီထက်မက ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

0 မှတ်ချက်များ for "ရုရှားကြောင့် ကြီးကျယ်တဲ့ စစ်ပွဲကြီး ဖြစ်လာနိုင်တယ်လို့ ယူကရိန်းကာကွယ်ရေး ဝန်ကြီး ပြောကြား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++