ဖြည့်ဆည်းပေးလိုက်ပါ..
ဂန္ဓီရဲ့ ဖိနပ်တစ်ရံ အမည်ရ စာတိုလေးကို စာဖတ်သူတို့ သိရှိ ဖတ်ဖူးမယ်လို့ ယုံကြည်ပါတယ်။
နယ် တစ်နယ်ကို ခရီးသွားဖို့ ရထားပေါ် အတက်မှာ ဖိနပ်တစ်ဖက် ကျသွားပါတယ်။
ဒါနဲ့ တစ်ရံ ဖြစ်သွားအောင် ဆိုပြီး ကျန်နေတဲ့ တစ်ဖက်ကိုပါ ပစ်ချခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကို မြင်တဲ့ ဘေးက ခရီးသည်က မေးတော့
သူက ဒီလို ဖြေတယ်...
ကောက်ရတဲ့သူ စီးလို့ ရအောင်ပါတဲ့။
ယနေ့ လူမှုဘဝမှာလည်း ဒီလိုပါပဲ မိတ်ဆွေတို့..။
မိမိက အရာတစ်ခု၊ အခွင့်အရေးတစ်ခုရပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးရတော့မယ်ဆိုရင်၊ ပြန်လည် ရဖို့ မသေချာတော့ရင် တစ်ဖက်က ရမယ့်သူအတွက်သာ အကောင်းဆုံး ဖန်တီးပေးလိုက်ပါ။
ဖြည့်ဆည်းပေးလိုက်ပါ။
ဖိနပ်တစ်ဖက်တည်း ချန်ထားတော့ရော သင့်မှာ ဘာထူးသွားသလဲ။ ကျခဲ့တဲ့တစ်ဖက်လည်း အကျိုးမရှိ အမှိုက်ပုံးထဲကိုသာ ရောက်သွားမှာပါ။
သင့်ချစ်သူအကြောင်းအမျိုးမျိုး သင့်ဆီ ပြန်မလာနိုင်တော့ရင် ဖြတ်မရတောင် မချည်နှောင်ပါနဲ့။
ဓားနဲ့လည်း မထိုးပါနဲ့။
မိမိကိုယ်ကိုလည်း သေကြောင်း မကြံပါနဲ့။
လက်နှစ်ဖက်စလုံး လွတ်ပေးလိုက်ပါ။
မိမိရဲ့ နှမြောစိတ်၊ လောဘစိတ်၊ အတ္တစိတ်က ငရဲဆီကိုသာ ခေါ်ဆောင်သွားပါလိမ့်မယ်။
ဘယ်တော့မှ မလုပ်ပါနဲ့။
အချစ်ရေးမှာတင်မကပဲ အခြားလူမှုဘဝတွေမှာပါ တစ်ခါ တစ်လေ ကျရင် မိမိရဲ့ လိုချင် တက်မက်စိတ်၊ နှမြောတွန့်တိုစိတ်များကို ဖျောက်လို့ တစ်ဖက်အတွက် ဘာလုပ်ပေးနိုင်မယ်ဆိုတဲ့ ပရ စိတ်လေး ထားရှိဖို့ လိုအပ်ပါတယ်။
တစ်ရံပြည့်အောင် ပစ်ချလိုက်ပါ မိတ်ဆွေတို့..
__ အောင်ခမ်း


0 မှတ်ချက်များ for "ဖြည့်ဆည်းပေးလိုက်ပါ.."