၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ သမ္မတနဲ့ကာချုပ်ကို UWSA နဲ့ NDAA တောင်းဆို
တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)က ဦးဆောင်ပြီး တိုင်းရင်းသားတပ်ဖွဲ့များ ညီလာခံသို့ မတက်ရောက်ခဲ့ကြတဲ့ “၀” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP)နဲ့ မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တို့က သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံ ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ တောင်းဆိုတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ UWSP နှင့် NDAA မိုင်းလားတို့က နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့နှင့် နေပြည်တော်၌ တွေ့ဆုံပြီးနောက် သြဂုတ် ၂၈ ရက်နေ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအနေဖြင့် ရပ်တည်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ သမ္မတနဲ့ ကာချုပ်နဲ့တွေ့ဆုံ ချိန်မှာပါ ပြောခဲ့တယ်လို့ UWSP ပြန်ကြားရေး တာဝန်ခံ ဦးအောင်မြင့်က သြဂုတ် ၂၈ ရက် သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာသမားတွေကို ပြောကြားပါတယ်။
အစိုးရနှင့် တိုင်းရင်းသားများအကြား နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်နေရာမှ လက်ရှိအပစ်အခတ်ရပ်စဲရေး
ဆွေးနွေးမှုအဆင့်ဆင့်ဖြစ်လာတာကို ကြိုဆိုပြီး အပစ်အခတ် ရပ်စဲရေးတွင် ပါဝင်တဲ့အချက်များကို ညှိနှိုင်းပြီးမှ ပါဝင်လက်မှတ် ထိုးမယ်လို့ဆိုပါတယ်။
NDAA မိုင်းလားအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခမ်းမောင်ကလည်း ကျနော်တို့လိုချင်တဲ့ ပြည်ထောင်စုကို ဘယ်လိုထူထောင်မယ်ဆိုတာကတော့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေး ပွဲရောက်မှ ဆွေးနွေးကြရမှာပါ။ အခုချိန်မှာ ဘယ်လိုလုပ်ဆောင်ရမလဲ။ ဘယ်လို အချက်တွေပါမလဲ ဆိုတာ ကိုတော့ ပြောပြလို့ မရသေးပါဘူး။ ဖက်ဒရယ်ဆိုလည်း ဘယ်လို ပုံစံမျိုးလဲပေါ့။ ကိုယ့်ဒေသတွေအတွက် အဆင်ပြေတဲ့ ဖက်ဒရယ်စနစ်ကို ညှိနှိုင်းရမှာပါ” ဆိုပါတယ်။
UWSP နှင့် NDAA ဟာ တိုင်းရင်းသားတပ်ဖွဲ့ ၁၂ ဖွဲ့ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ပါဝင်ဖွဲ့စည်းထားတဲ့ NCCT တို့မှာ ပါဝင်ခြင်း မရှိဘဲ သီးခြားစီ ရပ်တည်နေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

0 မှတ်ချက်များ for "၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ သမ္မတနဲ့ကာချုပ်ကို UWSA နဲ့ NDAA တောင်းဆို"