ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လူငယ်များပါဝင်ဖို့ လိုတယ်ဟု KNU ပြော

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ လူငယ်များပါဝင်မှု အခန်းကဏ္ဍအရေးကြီးတဲ့အတွက် လက်ရှိငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ လူငယ်အဖွဲ့အစည်းများ ပါဝင်ကြဖို့ လိုတယ်လို့ ကရင်တိုင်းရင်းသားခေါင်းဆောင်းများနှင့် လူငယ် အရပ်ဘက်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးဖြစ် စဉ် နှီးနှောဖလှယ်ပွဲမှာ အမျိုးသားအစည်းအရုံး (KNU)ခေါင်းဆောင်က ပြောကြား လိုက်ပါတယ်။ 

ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ လူငယ်များပါဝင်မှု အခန်းကဏ္ဍဟာ အရေးကြီးကြောင်း၊ ယခင်က ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ လူငယ်အဖွဲ့အစည်းများ ပါဝင်မှုအခန်းကဏ္ဍ မရှိခဲ့တဲ့အတွက် မကြာခဏ ပျက်ပြယ်ခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် ဦးစောလှက ပြောပါတယ်။ 

ဆွေးနွေးပွဲတက်ရောက်လာတဲ့ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ကိုဒီငြိမ်းလင်းကတော့ အစိုးရနှင့် တိုင်းရင်းသားတပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတော့ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သံသယရှိတယ်လို့ ပြောပါတယ်။ 

KNU ဗဟိုကော်မတီအဖွဲ့ဝင်တွေဖြစ်တဲ့ ပဒိုစောသမိန်ထွန်း၊ ပဒိုစောလှထွန်းနှင့် ဦးစောလှတို့ဟာ သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ဂျက်ဆင်ခန်းမ (ယုဒသန်ဝင်း)မှာ လူငယ်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံကြောင်းခဲ့ပါတယ်။ 

ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ကရင်လူငယ် ကွန်ရက်၊ ချင်းလူငယ်ကွန်ရက်၊ ရှမ်းလူငယ် ကွန်ရက်နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂတို့ အပါအ၀င် YWCA၊ KHRG၊ KNRG၊ GTI၊ Action Aid စတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၇၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး လုပ်ဆောင်နေကြသော်လည်း အစိုးရလက်နက်ကိုင်တပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ တို့ကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါတယ်။

0 မှတ်ချက်များ for "ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လူငယ်များပါဝင်ဖို့ လိုတယ်ဟု KNU ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++