အစ္စရေးနဲ့Hamas ကြား ပစ်ခတ်မှုရပ်စဲရေး နောက်ထပ် ၅ရက်ကြာ သဘောတူနေသည်ဟု ဆိုသော်လည်း ဆက်လက်တိုက်ခိုက်နေကြ

အစ္စရေးနဲ့ Hamas ကြား အပစ်ခတ်မှုရပ်စဲရေး ၃ရက်ကြာ သက်တမ်းကုန်ဆုံးပြီးနောက် နောက် ထပ် ၅ ရက်ကြာ သဘောတူနေပြီလို့ စေ့စပ် ညှိနှိုင်းပေးသူတွေက ပြောကြားပြီး နာရီပိုင်းမှာပဲ အစ္စရေးနိုင်ငံထဲ ရော့ကက်ဒုံးနဲ့ ပစ်ခတ်လာတဲ့ Hamas စစ်သွေးကြွတွေကို လေကြောင်း တိုက်ခိုက်မှုနဲ့ အစ္စရေးက တုံ့ပြန်လိုက်ပါတယ်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် ဆွေးနွေးပွဲမှာ Hamas ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး နောက်ထပ် ၅ ရက် သက်တမ်းတိုးဖို့ သဘောတူပြီလို့  စေ့စပ် ညှိနှိုင်းပေးသူတွေက ပြောကြားနေတဲ့အချိန်မှာပဲ Hamas က အစ္စရေးနိုင်ငံထဲကို ရော့ကက်ဒုံးကျည် ၃ စင်းထက်မနည်း ပစ်ခတ်လာတာကြောင့် တုံ့ပြန်တာဖြစ်တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

Hamas ပစ်ခတ်လာတဲ့ ရော့ကက်ဒုံးကျည်တွေဟာ အစ္စရေးနိုင်ငံထဲ ကျရောက်ခဲ့ပေမဲ့ ထိခိုက်မှုတစုံတရာ မရှိဘူးလို့ အစ္စရေးတာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဂျေရုဇလင်သတင်းဌာက ဖော်ပြ ပါတယ်။

Hamas စစ်သွေးကြွတွေကတော့ သူတို့ပစ်တာ မဟုတ်ဘူးလို့ ငြင်းဆိုနေပေမဲ့ အပစ်အခတ်ရပ်စဲရေးအချိန် တိုးဖို့အတွက် ဆွေးနွေးနေကြတဲ့ ဗုဒ္ဓဟူးနေ့မှာ Hamas ပစ်ခတ်လာတဲ့ ရော့ကက်ဒုံးတစင်းကြောင့် အစ္စရေးတောင်ပိုင်းမှာ ကျခဲ့ပါသေးတယ်။

လူပေါင်းနှစ်ထောင်ကျော် သေးဆုံးခဲ့ရတဲ့ အစ္စရေးနဲ့ Hamas ကြား တလကြာအပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှု ရေရှည်ရပ်ဆိုင်းနိုင်ရေး သဘောတူမှုရရှိဖို့အတွက် ကြားဝင်ညှိနှိုင်းပေးသူတွေဟာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အာရပ်နိုင်ငံတွေအပါအ၀င် နိုင်ငံတကာက အပြည့်အဝထောက်ခံတဲ့ နောက်ဆုံးသဘောတူညီမှုတွေ လာမယ့်သီတင်းပတ်မှာ ရရှိမယ်လို့ မျှော်လင့်ကြောင်း ကြားဝင်ညှိနှိုင်းပေးသူတွေက ပြောဆိုကြပေမဲ့ အစ္စရေးဘက်ကတော့ တစုံတရာ ပြောဖို့ ငြင်းဆိုပါတယ်။

0 မှတ်ချက်များ for "အစ္စရေးနဲ့Hamas ကြား ပစ်ခတ်မှုရပ်စဲရေး နောက်ထပ် ၅ရက်ကြာ သဘောတူနေသည်ဟု ဆိုသော်လည်း ဆက်လက်တိုက်ခိုက်နေကြ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++