ယူကရိန်းအစိုးရ တပ်ဖွဲ့နဲ့ ခွဲထွက်ရေးသူပုန်အဖွဲ့ကြား တိုက်ပွဲ ဆက်ဖြစ်ပွာ
ယူကရိန်းအရှေ့တောင်ဘက်ပိုင်းမှာ ရုရှားအစိုးရ ထောက်ပံ့ကူညီပေးနေတဲ့ ယူကရိန်းခွဲထွက်ရေးသူပုန်နဲ့ ယူကရိန်းအစိုးရ တပ်ဖွဲ့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူနေကြစဉ် အပြန်အလှန်ပစ်ခတ်မှုတွေ ဆက် လက်ဖြစ်ပွားနေပါတယ်။
ယူကရိန်းအစိုးရရဲ့ စစ်ဆေးရေးဂိတ်တခုကို ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်စီးပြီး အပြန်အလှန်ပစ်ခတ်နေကြလို့ Mariupol ဆိပ်ကမ်းမြို့မှာ ပေါက်ကွဲသံတွေ ညံနေတယ် လို ဒေသခံတွေက ပြောပါတယ်။
ယူကရိန်းအရှေ့ခြမ်းမှာ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ ယူကရိန်းအစိုးရတပ်ဖွဲ့နဲ့ ယူကရိန်းခွဲထွက်ရေး သူပုန်အဖွဲ့တို့ဟာ ရုရှားသမ္မတနဲ့ ယူကရိန်းသမ္မတို့နှစ်ဦး ဖုန်းပေါ်ဆွေးနွေးကြရာကနေ သောကြာနေ့မှာ အပစ်အခတ်ရပ်စဲကြဖို့ သဘောတူညီခဲ့ကြပါတယ်။
ဒေသအတွင်းပဋိပက္ခကြောင့် ဒုက္ခရောက်ကြတဲ့သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပို့ရာမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲတဲ့ အပစ်ရပ်ရေးဖြစ်ဖို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစောင့်ကြည့်ရေးမှာ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE ရဲ့ ပါဝင်ဖို့ သဘောတူကြတယ်လို့ ယူကရိန်း သမ္မတရဲ့ ကြေညာချက်ထဲမှာ ဖော်ပြပြီး ရုရှားသမ္မတရဲ့ ကြေငြာချက်မှာလည်း ညှိနှိုင်းဆွေးနွေး အဖြေရှာရေးကို ဆက်လက်ဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
အမေရိကန်သမ္မတ အိုဘားမားကတော့ အပစ်အခတ်ရပ်စဲရေးအတွက် ရုရှားနဲ့ယူကရိန်းတို့ သမ္မတ နှစ်ဦး ဖုန်းပေါ်ဆွေးနွေးသဘောတူခဲ့ကြတဲ့အပေါ် သံသယရှိပေမယ့် အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်တယ်လို့ပြောပါတယ်။
NATO က လည်း ရုရှားအစိုးရထောက်ပံ့ပေးနေတဲ့ ယူကရိန်းခွဲထွက်ရေးအဖွဲ့နဲ့ တိုက်ခိုက်နေတဲ့ ယူကရိန်းအစိုးရဘက်ကို အပြည့်အ၀ ရပ်တည်သွားမယ်လို့ ပြောပါတယ်။


0 မှတ်ချက်များ for "ယူကရိန်းအစိုးရ တပ်ဖွဲ့နဲ့ ခွဲထွက်ရေးသူပုန်အဖွဲ့ကြား တိုက်ပွဲ ဆက်ဖြစ်ပွာ"