၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းစေ့တဲ့နောက် ဟာမာ့စ်ရဲ့ ရန်လိုမှုအပေါ် အစ္စရေး တုံ့ပြန်မှုပြန်လည်စတင်

အစ္စရေးနဲ့ ဟားမာ့စ်အကြား ၃ရက်ကြာ ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု သက်တမ်းစေ့တဲ့နောက် ဟာမာ့စ် စစ်သွေးကြွတွေရဲ့ ရန်လိုမှုတွေကို အစ္စရေးဘက်က တုံ့ပြန်တဲ့ အနေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ပြန်လည် စတင်လိုက်ပါတယ်။ 

၃ ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်း ထပ်တိုးဖို့ အစ္စရေးဘက်က သဘောတူလက်ခံပြီး အစ္စရေးတပ်သားတွေကို ဂါဇာကနေ ဆုတ်ခွာပေးခဲ့ပါတယ်။ ဒါပေမဲ့ ဟားမာ့စ်ဘက်ကတော့ ငြင်းပယ်နေ သည့်အပြင် ယာယီအပစ်အခတ်ရပ်စဲကာလမှာ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်တွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေ တာကြောင့် အစ္စရေးက လေကြောင်းကနေ ခုလို ပြန်လည်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ 

ဟားမာ့စ်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပစ်ခတ်လို့ အစ္စရေးအရပ်သားတဦးနဲ့ အစ္စရေး စစ်သားတဦး ဒဏ်ရာ ရရှိပါတယ်။ အစ္စရေးဘက်ကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ ဟားမာ့စ်တွေရဲ့ ဒုံးကျည် လက်နက် သိုလောင်ထားတဲ့ ဗလီတလုံး ပျက်စီးသွားပြီး ဟားမာ့စ်စစ်ကြွေအဖွဲ့ဝင် ၁၅ ဦး ထက်မနည်း သေဆုံးသွားပါတယ်။ 

အစ္စရေးဘက်ကို ဟားမာ့စ်တွေက ဒုံးကျည်တွေနဲ့ ဆက်ပစ်နေသရွေ့ ဘယ်လို စေ့စပ် ညှိနှိုင်းမှုကိုမှ လုပ်တော့မှာ မဟုတ်ဘူးလို့ အစ္စရေးဘက်က ပြောကြားလိုက်ပါတယ်။ 

ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းကလည်း အကြမ်းဖက်မှုတွေ ပြန်ဖြစ်လာတဲ့အပေါ် အလွန်ပဲ စိတ်ပျက်ရတယ်လို့ ပြောပါတယ်။ 

ဟားမာ့စ်နဲ့ အစ္စရေးတို့ကြား ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းထပ်တိုးဖို့ ကြားဝင်စေ့စပ်ပေးတဲ့ အီဂျစ်အစိုးရရဲ့ ကိုင်ရိုမြို့ဆွေးနွေးမှုဟာ သဘောတူညီမှု တစုံတရာ မရဘဲ အဆုံးသတ်သွားပြီး ဖြစ်ပါတယ်။ 

 နှစ်ဖက် အပြန်အလှန်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူပေါင်း နှစ်ထောင်နီးပါး သေဆုံးခဲ့ရပြီး အများ အပြား ထိခိုက်ဒဏ်ရာရရှိကြသလို အဆောက်အဦးတွေလည်း တော်တော်များ ပျက်စီးသွားပါတယ်။

0 မှတ်ချက်များ for "၃ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းစေ့တဲ့နောက် ဟာမာ့စ်ရဲ့ ရန်လိုမှုအပေါ် အစ္စရေး တုံ့ပြန်မှုပြန်လည်စတင်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++