မဲရလဒ်တွေ ပြန်လည် စစ်ဆေးနေချိန်မှာ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ အာဖဂန်သမ္မတလောင်းနှစ်ဦး သဘောတူ

အာဖဂန်နစ္စတန်နိုင်ငံသမ္မတ ရွေးကောက်ပွဲမှာ သူနိုင်ကိုယ်နိုင် ငြင်းပွားနေကြတဲ့ သမ္မတလောင်းနှစ်ဦးဟာ အာဖဂန်ညွှန့်ပေါင်း အစိုးရဖွဲ့ဖို့ သဘောတူ လက်မှတ်ရေးထိုး ကြပါတယ်။

မဲလိမ်မှုစွပ်စွဲချက်ကြောင့် ကုလသမဂ္ဂကြီးကြပ်ပေးပြီး မဲရလဒ်တွေကို ပြန်လည် စစ်ဆေးရေတွက်နေတဲ့အချိန် သြဂုတ်လ ၈ ရက်နေ့ မှာ သဘောတူညီမှု ရရှိတာဖြစ်ပါတယ်။

အာဖဂန် ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး သမ္မတလောင်းနှစ်ဦး သဘောတူညီမှုရရှိနိုင်တာဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဖြစ်ပါတယ်။

သမ္မတလောင်းနှစ်ဦးရဲ့ သဘောတူကြတဲ့ သမ္မတကျမ်းကျိန်ပွဲ ရက်သတ်မှတ်ချက်ကိုလည်း ပူးတွဲကြေညာချက် တစောင် ထုတ်ပြန်ခဲ့ကြပါတယ်။

ဒီသဘောတူညီချက်ဟာ ညီညွတ်ရေးအတွက် အာဖဂန်ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင် မယ့် ခြေလှမ်းဖြစ်တယ်လို့ အယ်ဒူလာအယ်ဒူလာက ပြောပါတယ်။

ဇွန်လတုန်းက ကျင်းပခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံသမ္မတ ရွေးကောက်ပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်းတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး သူနိုင်ကိုယ်နိုင် အငြင်းပွားမှုများ ဖြစ်ပွား ရာကနေ မဲလိမ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ကုလသမဂ္ဂကနေ ကြီးကြပ်ပြီးတော့ မဲရလဒ်တွေ ကို ပြန်စစ်ဆေးနေပါတယ်။

လက်ရှိသမ္မတ ကာဇိုင်းနေရာမှာ ဆက်ခံမည့် အာဖဂန်သမ္မတသစ်ကို နေတိုးထိပ်သီးဆွေးနွေးပွဲ မတိုင်မီ စက်တင်ဘာလဆန်းလောက်မှာ အတည်ပြု ရွေးချယ်နိုင်လိမ့်မယ်လို့ ကုလသမဂ္ဂကြီးကြပ်ပေးတဲ့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

0 မှတ်ချက်များ for "မဲရလဒ်တွေ ပြန်လည် စစ်ဆေးနေချိန်မှာ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ အာဖဂန်သမ္မတလောင်းနှစ်ဦး သဘောတူ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++