မြန်မာရဲတပ်ဖွဲ့ - သေနတ်နဲ့ ပစ်ခတ်လို့ လယ်သမား ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်မှာ သိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရှိရေး ထွန်တုံးတိုက်ပွဲဝင်ရန် စီစဉ်နေကြသူတွေကို အစိုးရ ရဲတပ်ဖွဲ့ဝင်တွေ သေနတ်နဲ့ပစ်ခတ်လို့ ၈ ဦး ဒဏ်ရာရရှိသွား ကြပါတယ်။

 ညောင်ဝန်းကျေးရွာသား ၁၀၀၀ ကျော်တို့ဟာ သိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် သြဂုတ်လ ၁၅ ရက်နေ့မှာ က ထွန်တုံးတိုက်ပွဲဝင်ရန် စီစဉ်နေတုံးမှာ ရဲတပ်ဖွဲ့အင်အား ၅၀ခန့်တို့က လာရောက်ပစ်ခတ် ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် နဖူးကွဲ၊ ခေါင်းပေါက်ဒဏ်ရာ ရရှိတဲ့ ၈ ဦးရရှိပြီး နေအိမ်တလုံးနှင့် စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့တဲ့အတွက် အကြမ်းဖက်မှုနဲ့ ရဲတပ်ဖွဲ့ကို တရားစွဲဆိုသွားမယ်လို့ လယ်သမားများအရေး ကူညီဆောင်ရွက်နေတဲ့ ကိုသန့်ဇင်ထက်က ပြောပါတယ်။ 

 ရဲတွေကို တရားစွဲဖို့ စဥ့်ကူးမြို့နယ် လက်ပန်လှရဲစခန်းမှာ အမှုဖွင့်ထားသော်လည်းအမှုကို လက်မခံ သလို ပြင်းထန်တဲ့သေနတ်ဒဏ်နဲ့ မန္တလေးဆေးရုံကြီးမှာ ကုသနေရတဲ့ ဒေါ်စန်းကြင်နုအတွက်လည်း သက်ဆိုင် ရာတို့က တာဝန်ယူဆောင်ရွက်ပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

လယ်ယာမြေတွေမရှိတော့ တောင်ပေါ်မှာ ဝါးတွေခုတ်၊ မျှစ်ချိုးတာတွေလုပ်ကြတယ်။ အခုတော့ ဝါးတွေ လည်း မရှိတော့ဘူး။ လယ်ယာတွေရဖို့အတွက် ဆက်လက်လှုပ်ရှားသွားမယ်လို့ ဒေသခံမသဲစုမွန် က ပြောသလို ဦးမောင်စန်းကလည်း ဘိုးဘွားပိုင် လယ်ယာမြေများ ပြန်လည်ရရှိရေး ဆက်လက်တောင်းဆို သွားမယ်လို့ ပြောပါတယ်။ 

သိမ်းဆည်းခံရ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူတွေဟာ ၂၀၁၂ ခုနှစ်မှ၍ သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော်နှင့် သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများသို့ စာဖြင့် အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း အကြောင်းမထူးခဲ့ဘဲ လွန်ခဲ့တဲ့ ၂ လတုန်းက ထွန်တုံးတိုက်ပွဲဆင်နွဲပြီး လယ်ဧက ၂၀၀၀ ပြန်ရတယ်လို့ ဆိုကြပါတယ်။

 ဒေသခံပြည်သူပိုင် လယ်ယာမြေကေပေါင်း ၆၀၀၀ ကို စဥ့်ကူးမြို့အခြေစိုက် ထောက်ပို့တပ် အမှတ် ၁၂၁ တပ်က ၁၉၇၂ ခုနစ်ဝန်းကျင်မှာ လာရောက်သိမ်းယူခဲ့တာဖြစ်ပါတယ်။

0 မှတ်ချက်များ for "မြန်မာရဲတပ်ဖွဲ့ - သေနတ်နဲ့ ပစ်ခတ်လို့ လယ်သမား ၈ ဦး ဒဏ်ရာရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++