တိုင်းရင်းသားများ လိုလားတဲ့ ဖက်ဒရယ်စနစ်ကို -မြန်မာအစိုးရ လက်ခံပြီလို့ဆို

တိုင်းရင်းသားများလိုလား တောင်းဆိုနေကြတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရ ဖက်ဒရယ်ပြည်ထောင်စု  တည်ဆောက်ရေးကို မြန်မာအစိုးရက လက်ခံ လိုက်ပြီလို့သိရပါတယ်။ 

ဆွေးနွေးပွဲ ပထမနေ့မှာ တိုင်းရင်းသားထိပ်သီး ညီလာခံကမူ ၈ ချက်ကို ကျနော်တို့တင်ပြတယ်။ အခြေခံမူပိုင်းမှာ ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့မူကို အစိုးရဘက်က လက်ခံတယ်လို့ ဆွေးနွေးပွဲ ပထမရက်အပြီး သတင်းစာရှင်လင်းမှာ NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောပါတယ်။ 

တိုင်းရင်းသားဘက်ကလည်း အစိုးရဘက်တင်ပြတဲ့ ဒို့တာဝန်အရေး ၃ ပါးကို သဘောတူလက်ခံတယ်လို့ ဆိုပါတယ်။ 

တပ်ပိုင်းဆိုင်ရာအပါအ၀င် ကျန်ရှိနေသေတဲ့ ၇ ချက်တွေကို ၁၆ ရက်နေ့မှာ ဆက်လက် ညှိနှိုင်းကြဖို့ရှိပြီး လိုအပ်ရင် ၁၇ ရက်အထိ ဆက်လက် ဆွေးနွေးဖို့ ရည်မှန်းထားကြပါတယ်။ ဆွေးနွေးပွဲပြီးပြတ်ရင်တော့ ၁၈ရက်နေ့မှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးအတွက် UPWCနဲ့ NCCTအပြင် နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ခေါ်ပြီး အလွတ်သဘောညှိနှိုင်းဆွေးနွေးဖို့ ရှိနေပါတယ်။ 

သြဂုတ်လ ၁၅ ရက်နေ့ကနေ ၁၆ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် တနိုင်ငံလုံးအပစ်ရပ်စာချုပ် ညှိနှိုင်းပွဲမှာ အစိုးရဘက်က UPWC ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသလို့ တိုင်းရင်းသားဘက်ကလည်း NCCTအဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ပဒိုစောကွယ် ထူးဝင်းနဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့ ဦးဆောင်ပြီး အဖွဲ့ဝင်ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက် ကြပါတယ်။

တိုင်းရင်းသားတပ်ဖွဲ့များ တတိယကြိမ်မြောက် လိုင်ဇာထိပ်သီးညီလာခံမှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ၊ တပ်ပိုင်းဆိုင်ရာ၊ ကြားကာလအစီစဉ်များ၊ အပစ်အခတ်ရပ်စဲရေးစာချုပ်အခြေခံမူ၊ လက်မှတ်ရေးထိုးမှုမှာ ပါဝင်မည့်အဖွဲ့အစည်းများဆိုင်ရာ၊ အသိသက်သေများဆိုင်ရာ၊ အတည်ပြုခြင်းနှင့် အာဏာတည်ခြင်းစတဲ့မူ ၈ ချက်ကို ချမှတ်ခဲ့ပါတယ်။

ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ် အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူကို အစိုးရဖက်က လက်မခံရင် တပြည်လုံးအပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်မရေးထိုးဖို့ တညီတညွှတ် ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

0 မှတ်ချက်များ for "တိုင်းရင်းသားများ လိုလားတဲ့ ဖက်ဒရယ်စနစ်ကို -မြန်မာအစိုးရ လက်ခံပြီလို့ဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++