အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ ပရိဘောဂရောင်းချခဲ့သူ Joko Widodo အနိုင်ရ
အင်ဒိုနီးရှားနိုင်ငံကို အာဏာရှင် ထီးရိပ် အောက်က ရုန်းထွက်နိုင်ဖို့ ကြိုးစားမယ်လို့ ကြုံးဝါးထားတဲ့ ပရိဘောဂရောင်းချခဲ့သူ မစ္စတာ Joko Widodo က ဇူလိုင်လ ၉ ရက်နေ့က ကျင်းပခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲမှာ မဲရလဒ် ၅၃ ရာနှုန်းနဲ့ ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း Subianto ကို အနိုင်ရသွားပါတယ်။အင်ဒိုနီးရှားနိုင်ငံကို အာဏာရှင် ထီးရိပ် အောက်က ရုန်းထွက်နိုင်ဖို့ ကြိုးစားမယ်လို့ ကြုံးဝါးခဲ့တဲ့ မစ္စတာ Joko Widodo ဟာ သာမန်အခြေခံလူတန်းစားထဲက ပရိဘောဂရောင်းချတဲ့ဘ၀ကနေ ဂျကာတာ မြို့တော်ဝန် ဖြစ်ခဲ့ဖူးပြီး မြို့ပေါ်နဲ့ ကျေးလက်က လူငယ်တွေ ကြားမှာ လူကြိုက်များတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
ပြည်သူ သန်း ၁၃ဝ ကျော် မဲပေးကြတဲ့ အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲကို သာမန်အခြေခံ လူတန်းစားထဲက ပရိဘောဂရောင်းချ ခဲ့သူအနိုင်ရတာဟာ အင်ဒိုနီးရှားမှာ လူတိုင်း သမ္မတ ဖြစ်နိုင်တယ် ဆိုတဲ့အချက်ကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။
သတ္တမမြောက် အင်ဒိုနီးရှားသမ္မတ ဖြစ်လာမယ့် မစ္စတာ Joko Widodo ဟာ အောက်တိုဘာ ၂၀ ရက်နေ့ မတိုင်ခင်မှာ ကျမ်းသစ္စာ ကျိန်ဆိုမှာ ဖြစ်ပါတယ်။
မဲ ၄၇ ရာခိုင်နှုန်း ရရှိတဲ့ သူ့ရဲ့ ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto ကတော့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နည်းလမ်းမကျဘဲ မဲရလဒ်ကို မသမာမှုတွေရှိတယ်လို့ ဆိုပြီး တရားဝင် ရွေးကောက်ပွဲရလဒ်တွေ မကြေညာခင် နာရီပိုင်းအတွင်းမှာ သူ့ဟာသူ နုတ်ထွက်သွားပါတယ်။


0 မှတ်ချက်များ for "အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ ပရိဘောဂရောင်းချခဲ့သူ Joko Widodo အနိုင်ရ"