ဂါဇာမှာ တိုက်ခိုက်မှုတွေ ရပ်တန့်ကြဖို့ လုံခြုံရေးကောင်စီ တောင်းဆို

ဂါဇာအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်း အဝေး ခေါ်ယူဖို့ အီဂျစ်ရဲ့တောင်းဆိုချက်ကို လက်ခံတဲ့နောက် အစ္စရေးနဲ့ Hamas စစ်သွေးကြွတွေကြား တိုက်ခိုက်နေမှုတွေ ချက်ချင်းရပ်တန့်ကြဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က တောင်းဆို လိုက်ပါတယ်။ 

အစ္စရေးနဲ့ Hamas စစ်သွေးကြွတွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေ တာကြောင့် အစ္စရေးဘက်က စစ်သား ၂၅ ဦးထက်မနည်း ကျဆုံးသလို ပါလက်စတိုင်းဘက်ကလည်း ၅၀ဝ ကျော် သေ ဆုံးပြီး သောင်းနဲ့ချီ တဲ့ ဒေသခံ ဂါဇာပြည်သူတွေကလည်း အိုးအိမ်တွေ စွန့်ခွာထွက်ပြေး နေရပါတယ်။ 

Hamas စစ်သွေးကြွတွေရဲ့ လက်နက်ထုတ်စက်ရုံနှစ်ရုံနဲ့ ရော့ကက်တွေ ပစ်ခတ်တဲ့ မြေအောက်စခန်း ၆ ခု အပါအဝင် ပစ်မှတ်ပေါင်း ၅၀ ကျော်ကို တနင်္လာနေ့မှာ စစ်လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာ အရပ်သားတွေ မထိခိုက်အောင် ရှောင်နိုင်ဖို့ ကျိုးစားခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။ 

စစ်သွေးကြွအရာရှိကတော့ သေဆုံးသွားတဲ့ ဂါဇာဒေသခံ ၅၀၀ ကျော်ဟာ အစ္စရေးတွေရဲ့ တိုက်ခိုက် မှုတွေကြောင့် ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း အစ္စရေးဘက်ကို Hamas တွေ ရော့ကက်နဲ့ ပစ်ခတ်နေသရွေ့တော့ အစ္စရေးဘက်ကလည်း တိုက်ခိုက်နေမှာဖြစ်ပြီး ဒီလိုအသေအပျောက်တွေဟာ ဟားမတ်စ်တွေကြောင့်လို့ ပြန်လည် စွပ်စွဲ ပြောပါတယ်။ 

အပစ်အခတ်ရပ်စဲရေး ကြားဝင်ဆောင်ရွက်မှု နောက်ထပ်ကြိုးစားတဲ့အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry တို့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ရောက်ရှိနေကြ ပါတယ်။ ကိုင်ရိုမြို့မှာ ရောက်ရှိနေတဲ့ ဘန်ကီမွန်းက ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ အပစ်ရပ်ကြဖို့ နှစ်ဖက် စလုံးကို တောင်းဆို လိုက်ပါတယ်။ 

 ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေဟာ စစ်ပွဲတွေနဲ့ အရပ်သားသေဆုံးမှုတွေကို အဆုံးသတ်ဖို့ ရည်ရွယ်ထား ရမယ်လို့ အမေရိကန်သမ္မတ အိုဘားမားက တနင်္လာနေ့မှာ ပြောကြားထားခဲ့သလို ကိုင်ရိုမြို့မှာ ရောက် ရှိနေတဲ့ John Kerry က စစ်ဘေးဒဏ်ကြောင့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးနေတဲ့ သောင်းနဲ့ချီတဲ့ ဒေသခံ ဂါဇာပြည်သူတွေကို လူသားချင်းစာနာ ကယ်ဆယ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၄၇ သန်း အကူအညီပေးရေးကိစ္စ ဆွေးနွေးသွားဖို့ ရှိပါတယ်။ 

အစ္စရေးနဲ့ပါလက်စတိုင်းHamas စစ်သွေးကြွတွေကြား သဘောတူညီမှုတစ်ခုရဖို့ ကြိုးပမ်းမှုမှာ အီဂျစ်၊ အမေရိကန်၊ ပြင်သစ်နဲ့ ကာတာနိုင်ငံတို့ကလည်း အနီးကပ်ပါဝင် ဆောင်ရွက်နေပါတယ်။ 

ဂါဇာအရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ် အစည်းအဝေး ခေါ်ယူရေး အီဂျစ်ရဲ့တောင်း ဆိုခဲ့မှုကို လာမည့် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့လုံခြုံရေးကောင်စီက သဘောတူလိုက်ပါတယ်။

0 မှတ်ချက်များ for "ဂါဇာမှာ တိုက်ခိုက်မှုတွေ ရပ်တန့်ကြဖို့ လုံခြုံရေးကောင်စီ တောင်းဆို"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++