လေယာဉ်ပျက်ကျတဲ့နေရာကို ကန့်သတ်ချက်မရှိ စစ်ဆေးခွင့်ပေးဖို့ မလေးရှားတောင်းဆို
ရှရှား-ယူကရိန်း နယ်စပ် ရှရှားလိုလာတဲ့ ယူကရိန်း ခွဲထွက်ရေးသမား ထိန်းချုပ်နယ်မြေမှာ ပစ်ချခံရတဲ့ မလေးရှား လေကြောင်းလိုင်းပိုင် MH-17 ခရီးသည် တင်လေယာဉ် ပျက်ကျခဲ့တဲ့ နေရာကို ကန့်သတ်ချက် မရှိဘဲ စစ်ဆေးခွင့်ပေးဖို့ မလေးရှားက တောင်းဆို လိုက်ပါတယ်။
လေယာဉ်ပျက်ကျတဲ့ နေရာတဝိုက်ကို စစ်ဆေးဖို့ မလေးရှား၊ ဗြိတိန် လေကြောင်း မတော်တဆမှုစုံစမ်းရေး ဌာန (AAIB)နှင့် အမေရိကန်အမျိုးသား သယ်ယူ ပို့ဆောင်ရေး လုံခြုံမှုဘုတ်အဖွဲ့ (NTSB)မှ ပညာရှင်များ သွားရောက်ရန် အသင့်ရှိနေသော်လည်း လုံခြုံရေး
ပြဿနာများကြောင့် နှောင့်နှေးနေလို့ မလေးရှား ပို့ဆောင်ရေးဝန်ကြီး လီယော် တီအွန်လိုင်က တောင်းဆို လိုက်တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေနဲ့ ရုပ်အလောင်းတွေကို ပြန်လည်ရှာဖွေစုဆောင်းယူမှုတွေအတွက် လေယာဉ်ပျက်ကျ တဲ့နေရာကို အတားအဆီးမရှိ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေ စစ်ဆေးနိုင်ဖို့ အရေးကြီးတယ်လို့ လီယော်က ပြောပါတယ်။
လေယာဉ်ပျက်ကျတဲ့ နေရာကို အပြည့်အဝ ပွင့်လင်းမြင်သာစွာ၊ စစ်ဆေးခွင့်ပေးရန်၊ ကျွမ်းကျင်သူများ၏ လုံခြုံရေးကဏ္ဍကို အာမခံပေးရန်နှင့် ရုပ်အလောင်းများကို ပြန်လည်လွှဲအပ်ဖို့လို့ ပြောပါတယ်။
ဒါပေမယ့် လေယာဉ်ပျက်ကျတဲ့နေရာထိ သွားရောက်ဖို့
နိုင်ငံတကာ ပညာရှင်တွေအတွက် လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းတစ်ခုကို ယူကရိန်းအစိုးရက ဖန်တီးမပေးနိုင်တာကြောင့် လေယာဉ်ပျက်ကျမှု စုံစမ်းရေး ကျွမ်း ကျင်ပညာရှင်များအတွက် ကန့်သတ်မှုများရှိနေခြင်းကို စိုးရိမ်ကြောင်း လီယော် ဆက်ပြောပါတယ်။
လီယော်ဟာ MH-17 ပျက်ကျမှု စုံစမ်းဖို့ ယူကရိန်းအစိုးရက ဖွဲ့စည်းထားတဲ့ အထူးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ယူကရိန်း ဒုတိယဝန်ကြီးချုပ် ဗိုလိုဒီမာဂရိုင်စ်မန်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ဦးတည်ပျံသန်းစဉ် ဇူလိုင်(၁၇)ရက်က ရှရှား-ယူကရိန်း နယ်စပ်မှာ မြေပြင် မှ ဝေဟင်ပစ် ဒုံးကျည် တစ်စင်း ထိမှန်၍ ပျက်ကျခဲ့တဲ့ Boeing 777-200 အမျိုးအစား မလေးရှား MH-17 ခရီးသည်လေယာဉ်ပေါ် လိုက်ပါလာသူ (၂၉၈) ဦးစလုံး သေဆုံးခဲ့ပါတယ်။
0 မှတ်ချက်များ for "လေယာဉ်ပျက်ကျတဲ့နေရာကို ကန့်သတ်ချက်မရှိ စစ်ဆေးခွင့်ပေးဖို့ မလေးရှားတောင်းဆို"