ထိပ်သီးအစည်းဝေး တက်ရောက်ဖို့ တိုင်းရင်းသားတပ်ဖွဲ့ - ခေါင်းဆောင်များ လိုင်ဇာကို ရောက်ရှိ

NCCT ရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့
ခေါင်းဆောင်တွေက ကချင်ပြည်နယ် လိုင်ဇာမှာ ရောက်ရှိလာနေကြပါတယ်။

အခု ကျင်းပမယ့် NCCT ရဲ့  တတိယကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို KIA ဌာနချုပ် လိုင်ဇာမှာ ဒီလ ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ ကျင်းပဖို့ရှိပြီး မြန်မာအစိုးရနဲ့ ပူးတွဲရေးဆွဲနေတဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း တခုလုံး ကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး တိတိကျကျ ပြဌာန်းချက် အပါအ၀င် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို လက်မှတ်
ရေးထိုးနိုင်ရေးအတွက် အကြိတ်အနယ် ဆွေးနွေးကြမှာဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က အခုလို ပြောပါတယ်။

ဒီတကြိမ်ကတော့ မူပိုင်းပေါ့- အစိုးရနဲ့ ထပ်ပြီး ဆွေးနွေးဖို့ လိုအပ်တဲ့အချက်များကို ကျနော်တို့ဘက်က အဓိက ဆွေးနွေးထားဖို့ ဆိုတဲ့ အစီအစဉ် ဖြစ်ပါတယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း အပေါ်မှာ ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ဖက်ဒရယ်နဲ့ ပတ်သက်ပြီးမှတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဖက်ဒရယ် ကိစ္စက ဘယ်လို ဆွေးနွေးမှာလဲ။ ဘယ်လို ဖက်ဒရယ် ပုံစံလဲဆိုတဲ့ဟာတွေ တော်တော်များများ ဒီတကြိမ်မှာ ဆွေးနွေးဖို့ ရှိပါတယ်။ မြောက်ပိုင်းဒေသနဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေကတော့ ပိုပြီးလက်တွေ့ကျတဲ့ သဘောပေါ့နော်။ အဲဒါ ကျနော်တို့ လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်သွားလို့ရှိရင် တပ်ဆုတ်တာတို့၊ တပ်ခွာတာတို့ ဘယ်လို လုပ်မလဲ ဆိုတဲ့ အပိုင်းကတော့ ကျနော်တို့အထဲမှာ အဓိက ဆွေးနွေးတာထက် အစိုးရဘက်နဲ့ ဆွေးနွေးဖို့က ပိုပြီး အရေးကြီးပါတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီအရေးနှင့် အမျိုးသားများတန်းတူအခွင့်အရေးအတွက် လက်နက်ဆွဲကိုင်ပြီး ခေတ် အဆက်ဆက် မြန်မာစစ်အစိုးရကို ခုခံတော်လှန်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေဟာ ညီညွှတ်ရေးအတွက်  ပထမဆုံးအကြိမ် ညီလာခံကို ကချင်ပြည်နယ် လိုင်ဇာမှာ ကျင်းပနိုင်ခဲ့ပြီး ဒုတိယအကြိမ်ညီလာခံကို ကရင်ပြည်နယ် လော်ခီးလာမှာ ကျင်းပနိုင်ခဲ့ ကြပါတယ်။

အခုကျင်းပမယ့် NCCT ရဲ့ တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ NCCT ကိုယ်စားလှယ်၊ NCCT ထဲမှာ မပါတဲ့ တိုင်းရင်းသားတပ်ဖွဲ့များ ကိုယ်စားလှယ်၊ UNFC ကိုယ်စားလှယ်၊ ABSDF က ကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးမယ်လို့ သိရတယ်။

0 မှတ်ချက်များ for "ထိပ်သီးအစည်းဝေး တက်ရောက်ဖို့ တိုင်းရင်းသားတပ်ဖွဲ့ - ခေါင်းဆောင်များ လိုင်ဇာကို ရောက်ရှိ "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++