တတိယကြိမ်မြောက် တိုင်းရင်းသားတပ်ဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံး

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်းရေး ၁၆ ဖွဲ့ ခေါင်းဆောင်များ တတိယကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲဟာ ဒီကနေ့ ညနေမှာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ 

ဒီထိပ်သီးဆွေးနွေးပွဲကနေ  မြန်မာအစိုးရနှင့်
 တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အခြေခံမှု ၁၀ ချက် ချမှတ်ဆုံးဖြတ်ခဲ့တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်က ပြောပါတယ်။ 

တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးရေး၊  political dialogue framework ပြင်ဆင်ရေးအပါအ၀င် ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ အခြေခံမူ ၁၀ ချက်ကို ချမှတ်နိုင်ခဲ့တယ်လို့  NCCT ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးတဲ့အချိန် ပါဝင်သင့်တဲ့အဖွဲ့တွေမှာ အရေအတွက် သတ်မှတ်မှုမရှိပေမဲ့ အစိုးရနဲ့လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့အစည်းဖြစ်ရမယ်။ အစိုးရကို နိုင်ငံရေးအရ တိုက်ပွဲဝင်တဲ့အဖွဲ့ ဖြစ်ရမယ်။ နိုင်ငံခြားတွေကို တိုက်ပွဲဝင်တဲ့ အဖွဲ့မဖြစ်ရဘူး။ တချို့အဖွဲ့တွေက ဗမာပြည်မှာ အခြေချတယ်၊ တခြားနိုင်ငံနဲ့ နိုင်ငံရေးအရ တိုက်ပွဲဝင်နေတဲ့အဖွဲ့တွေလဲ မပါဝင်သင့်ဘူးလို့ လည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

(KIA) ဌာနချုပ် လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက် ကိုင် တော်လှန်းရေး ၁၆ ဖွဲ့ ခေါင်းဆောင်များ တတိယကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲမှာ NCCT အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ အစုံအလင် တက်ရောက်ခဲ့ကြပြီး NCCT မှာ မပါဝင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီRCSS/SSA၊
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA တို့ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA၊ အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်မတော် (ခ) မိုင်းလားအဖွဲ့၊ KNU-KNLA ငြိမ်းချမ်းရေးကောင်စီ၊ နာဂဆိုရှယ်လစ်ပါတီး NSCNနှင့် ကယန်းပြည်သစ်ပါတီ KNLP တို့ က မတက်ရောက်ခဲ့ကြပါဘူး။

NCCT က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော်တို့နဲ့  မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးဖို့ ရှိပါတယ်။ 

0 မှတ်ချက်များ for "တတိယကြိမ်မြောက် တိုင်းရင်းသားတပ်ဖွဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံး "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++