အခုချိန်မှာ ရောင်းတန်းဝင် မင်းသား၊ မင်းသမီးတွေလောက်ပဲ ဇာတ်ကားရိုက်ကူးမှုတွေ ရှိတော့ကြောင်း မေသန်းနု ပြော

အရင်တုန်းကဆိုရင် သရုပ်ဆောင်တွေဟာ တစ်နှစ်ပတ်လုံး ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်ရှိနေကြပါတယ်။ တချို့သရုပ်ဆောင်တွေဆိုရင် တစ်နှစ်ပတ်လုံး အပန်းဖြေဖို့ နားရက်တောင် မရှိခဲ့ကြပါဘူး။ ထုတ်လုပ်ရေးတွေကလည်း မင်းသား၊ မင်းသမီးတွေကို နောက်ရိုက်ဖို့ ဇာတ်ကားတွေ အတွက် ကြိုတင်ချိတ်ထား ရပါတယ်။ အခုချိန်မှာတော့ ဗီဒီယိုဈေးကွက် ပျက်ယွင်းလာမှုကြောင့် ဗီဒီယိုဇာတ်ကား ထုတ်လုပ်မှုအပိုင်းမှာ အခက်အခဲတွေ ရှိလာကြောင်း ဗီဒီယိုလောက အသိုင်းအဝိုင်းမှ ကြားသိရပါတယ်။ 

ဗီဒီယိုဈေးကွက် ပျက်ယွင်းလာမှုနဲ့ ထုတ်လုပ်ရေးတွေရဲ့ အခက်အခဲတွေကြောင့် သရုပ်ဆောင်တွေ အနေနဲ့လည်း ဇာတ်ကား ရိုက်ကူးမှုတွေ နည်းပါး လာခဲ့ကြောင်း ဗီဒီယိုလောကမှာ ဖြစ်နေတဲ့ ဂယက်တွေနဲ့ ပတ်သက်ပြီး ဝါရင့်သရုပ်ဆောင်တစ်ယောက် မေသန်းနု ကလည်း ”အရင်က ထက်စာရင်တော့ သိပ်မကောင်း ဘူး။ ဒီလိုပဲအဆင်ပြေသလို လုပ်နေရတယ် ထင်တာပဲ။ နံပါတ်တစ်ဖြစ်တဲ့ မင်းသားတွေလောက်ပဲ မဖြစ်မနေရိုက်ရတော့တယ်။ မဆင့်တို့ခေတ်တုန်းကဆို ဇာတ်ညွှန်းတွေ၊ ဇာတ်လမ်းတွေကို ကြိုပေးထားတယ်။ အဲဒါကိုဖတ်ပြီး မဆင့်တို့က ကြိုပြီးပြင်ဆင် ရတာပေါ့။ အခုတော့ ဒီနေ့ငှားပြီး မနက်ဖြန်ရိုက်တဲ့ ကားတွေလည်းရှိတယ်။ ရိုက် ရက်လည်း ဒီနေ့ရသလိုလို၊ မရသလိုလို နောက်နေ့ပျက်ရင်လည်း ပျက်သွားပြန်တယ်။ မတည်မြဲဘူးပေါ့လေ။ ရောင်းတန်းဝင် တဲ့ မင်းသား၊ မင်းသမီးတွေကလည်း အခုဆို လက်ချိုးရေလို့ရသွားပြီ။ အဓိကကတော့ နယ်ကအဓိကပေါ့၊၊ နယ်က အရောင်းအဝယ်ဖြစ်တဲ့ မင်းသားကိုပဲ အဓိကထားပြီး ရိုက်နေကြတာလေ။ ဒီလို ဗီဒီယိုဈေးကွက် မှာ ဖြစ်နေတာတွေက အားလုံးနဲ့ဆိုင်တယ်။ ပရိုဂျူဆာအပိုင်း ကလည်း အမြတ်အစွန်းမရဘဲ ရေရှည် မရပ်တည်နိုင်ဘူး၊၊ သူ့ရဲ့ငွေရေးကြေးရေး ဘဝရပ်တည်မှုကလည်း ရှိသေးတယ်လေ။ နယ်သမားတွေကလည်း သူတို့ရဲ့အမြတ်အစွန်းက အရင်လောက်မရဘူးလေ”လို့ ပြော ပါတယ်။

အခုဖြစ်နေတဲ့ ကိစ္စရပ်တွေပေါ် မူတည်ပြီး နေ့စားသမားတွေ သနားဖို့ကောင်းတယ်လို့ ပြောတဲ့
မေသန်းနုက ”နာမည်ကြီးတဲ့မင်းသား၊ မင်းသမီးတွေကတော့ သူများထက် ပိုက်ဆံအဆမတန် ပိုရတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့လူတွေ ကျတော့လည်း အဆင်မပြေနိုင်ဘူးပေါ့လေ။ သူတို့က ပိုထိတာပေါ့။ အားလုံးက ဆုတ်ယုတ်နေတဲ့ အပိုင်းမှာ ဝိုင်းဝန်းကြဖို့ တာဝန်ရှိတယ်လို့ မဆင့်ထင်တယ်။ ပရိုဂျူဆာပိုင်းကလည်း ကုန်ကျစရိတ်ကို သက်သက်သာသာ လုပ်ကြတယ်။ ပိုက်ဆံက ပိုရှာလို့မရဘူးလေ။ ဒါကြောင့် ခြိုးခြံချွေတာ ကုန်တာပေါ့လေ။ ဒါကြောင့် ဇာတ်ကားက လိုအပ်သည်ထက် မကောင်းနိုင်ဘူး။ ပိုက်ဆံမှရှာလို့ မရတာ။ အရင်က ဇာတ်ကားတစ်ကား ကို ၁ဝဝကုန် တဲ့ ကားက ပြန်ရောင်းရင် ၁၅ဝ လောက် ရတယ်လေ။ အခုက ၁ဝဝကုန်ရင် ၈ဝ လောက်ပဲ ရမယ်ဆိုတော့ ဒီပရိုဂျူဆာလည်း တောင့်မခံနိုင်ဘူး။ သူ ၈ဝ ပဲ အကုန် ခံမှာပေါ့။ အဲဒီလိုတွေဖြစ်တာ။ အဓိကကတော့ အားလုံး ကိုယ့်အသိစိတ်နဲ့ ဝိုင်းဝန်းလုပ်ကြမယ်ဆိုရင် အရင်လို ပဲပြန်ပြီး ဦးမော့လာမှာပါ”လို့ ဗီဒီယိုလောကရဲ့ အခြေ အနေတွေကို ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါတယ်။______ပေါ်ပြူလာ

0 မှတ်ချက်များ for "အခုချိန်မှာ ရောင်းတန်းဝင် မင်းသား၊ မင်းသမီးတွေလောက်ပဲ ဇာတ်ကားရိုက်ကူးမှုတွေ ရှိတော့ကြောင်း မေသန်းနု ပြော"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++