လေယာဉ်ပစ်ချတဲ့ ရုရှားနဲ့ အပေါင်းပါတွေကို အရေးယူပေးဖို့ မလေးရှားပြည်သူ တောင်းဆို
ခရီးသည်တင် လေယာဉ်ကို ပစ်ချတဲ့ ရုရှားနိုင်ငံနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေအပေါ် ထိရောက်စွာ အရေးယူပေးဖို့ မလေးရှားအစိုးရ နဲ့ နိုင်ငံတကာခေါင်းဆောင်တွေကို မလေးရှားပြည်သူတွေက တောင်းဆိုလိုက်ပါတယ်။မလေးရှားနိုင်ငံသားတွေဟာ ရုရှားသမ္မတ ပူတင်ကို ဝေဖန်ပြစ်တင်နေကြပြီး နိုင်ငံရေးသမား အများစုကလည်း ဒေါသထွက်နေကြပါတယ်။
ယူကရိန်းဝန်ကြီးချုပ် မစ္စတာယတ်ဆဲန်ညွတ် ကလည်း ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ မလေးရှားခရီးသည် တင်လေယာဉ်ဟာ ရုရှားအစိုးရကို လိုလားတဲ့ ခွဲထွက်ရေးသူပုန် ပစ်ချခဲ့တာဖြစ်ပြီး ၎င်းတို့နောက်ကွယ်မှာ ရုရှားရှိနေတယ်လို့ အခိုင်အမာပြောပြီး လေယာဉ်ပျက်ကျမှုမှာ အဆိုးရွားဆုံးခံနေရတဲ့ နယ်သာလန်ကနေ ဦးဆောင် စုံစမ်းစစ်ဆေးဖို့ အဆိုပြု လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က အစိုးရတာဝန်ရှိသူတို့ကလည်း မလေးရှားလေယာဉ် ဟာ မြေပြင်ကနေ ဝေဟင်ပစ်ခတ်တဲ့ မစ်ဇိုင်း ဒုံးကျည်နဲ့ထိမှန်ပြီး ပျက်ကျ တာဖြစ်တယ်လို့ အခိုင်အမာ ယူဆနေကြပါတယ်။
လေယာဉ်ပျက်ကျတဲ့နေရာမှာ လုံခြုံစွာသွားရောက် စုံစမ်းစစ်ဆေးနိုင်ဖို့ ယူကရိန်းခွဲထွက်ရေးသမား သူပုန်တွေအပေါ် သြဇာအရှိန်အ၀ါရှိတဲ့ ရှရှားကို အမေရိကန်သမ္မတ အိုဘားမားက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း တနင်္လာနေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ လေယာဉ်ပစ်ချခံရလို့ ၂၉၈ ဦးစလုံး သေဆုံးတဲ့အပေါ် ရှုတ်ချတဲ့ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း ချမှတ်လိုက်ပြီး လေယာဉ် ပျက်ကျတဲ့နေရာမှာ ထိန်းချုပ်ထားတဲ့ ရုရှားလိုလားတဲ့ သူပုန်တွေအနေနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို တားဆီးနှောင့်ယှက်မှုမလုပ်ဘဲ ၀င်ထွက်ခွင့်ပြုဖို့ တောင်းဆို လိုက်ပါတယ်။


0 မှတ်ချက်များ for "လေယာဉ်ပစ်ချတဲ့ ရုရှားနဲ့ အပေါင်းပါတွေကို အရေးယူပေးဖို့ မလေးရှားပြည်သူ တောင်းဆို "