ရုရှား-ယူကရိန်းနယ်စပ်မှာ ပျက်ကျသွားတဲ့ မလေးရှား ခရီးသည် လေယာဉ်ကိစ္စ အမြန်စုံစမ်း စစ်ဆေးဖို့ တောင်းဆို
နယ်သာလန်နိုင်ငံ အမ်စတမ်ဒမ် လေဆိပ်မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ ပျံသန်းလာစဉ် ရုရှား-ယူကရိန်းနယ်စပ်မှာ ပျက်ကျ ကြေမွသွားတဲ့ မလေးရှားခရီးသည် လေကြောင်းလိုင်းကိစ္စကို စုံစမ်းစစ်ဆေးမှုများ အမြန်ဆောင်ရွက်ကြဖို့ နိုင်ငံ တကာက တောင်းဆို လိုက်ကြပါတယ်။
လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ချက်ချင်းပြုလုပ်ဖို့ မလေးရှားအစိုးရ ကြေညာခဲ့ တဲ့နောက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က မလေးရှားအတွက် ကြေကွဲဖွယ် နေ့တစ်နေ့ ပါပဲလို့ ပြောကြားပြီး ဘာကြောင့် ပျက်ကျလဲဆိုတာကိုတော့ အတိအကျ မသိရသေး ဘူးလို့ ပြောပါတယ်။
ရုရှားလိုလားတဲ့ ယူကရိန်းခွဲထွက်ရေးသမား အကြီးအကဲတစ်ဦးကလည်း မလေးရှား လေကြောင်းလိုင်း MH 17 လေယာဉ်ကို ယူကရိန်းစစ်တပ်ရဲ့သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့မှားပြီး ပစ်ချမိတာ ဖြစ်နိုင်တယ်လို့
ပြောပါတယ်။
အမြင့်ပေ ၃ သောင်း ၃ထောင်မှာ ပျံသန်းလာတဲ့ မလေးရှားခရီးသည် လေယာဉ်ဟာ ရုရှားလိုလားသူ ခွဲထွက်ရေးသမား ယူကရိန်းသူပုန်တွေက ရုရှားနိုင်ငံထုတ် မြေပြင်မှ ဝေဟင် ပစ်တာလတ်ပစ် Buk ဒုံးကျည်နဲ့ပစ်ခတ်၍ ပျက်ကျသွားတာဖြစ်တယ်လို့ယူကရိန်းအစိုးရက အခိုင်အမာပြောကြားထားပြီး ပါဝင်စုံစမ်း ဖို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေကိုလည်း ဖိတ်ကြား လိုက်ပါတယ်။
စင်ကာပူကလည်း ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်း စစ်ဆေးမှု အမြန်ဆောင်ရွက်ကြဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
အမေရိကန်ကလည်း ဇူလိုင် ၁၇ ရက်က တိုက်ပွဲဖြစ် ပွားနေတဲ့ နယ်မြေအတွင်းရှိ ပြောင်းဖူးခင်းထဲမှာ ပျက်ကျသွားတဲ့ မလေးရှားခရီးသည် လေယာဉ်ဟာ ဒုံးကျည်နဲ့ပစ်ခတ်ခံရတာဖြစ်တယ်လို့ အခိုင်အမာ
ပြောကြားပြီး စုံစမ်းစစ်ဆေးမှု အမြန်ဆုံးပြုလုပ်ဖို့ တောင်းဆိုလိုက်သလို ပြန့်ကျဲနေသော အပျက်အစီးများ အကြားရှိ သက်သေခံပစ္စည်းများကို ခြေရာလက်ရာ မပျက်ထားကြဖို့လည်း သတိပေးလိုက်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ မလေးရှားခရီးသည် လေယာဉ်ပျက်ကျမှုအတွက် ယူကရိန်း အစိုးရသာလျှင် အပြည့်အဝ တာဝန်ရှိတယ်လို့ ပြောပါတယ်။
မလေးရှားခရီးသည်လေယာဉ်ဟာ ပစ်ချခံရခြင်းဖြစ်မယ်ဆိုရင် နိုင်ငံတကာဥပဒေကိုသာမက စစ်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုဖြစ်တယ်လို့ အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘမ်ဘန်းယူဒိုရိုနိုက ပြောကြားပြီး အမြန် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မလေးရှားခရီးသည် လေယာဉ်ပျက်ကျမှုကိစ္စ ဆွေးနွေးရန်အတွက် ဇူလိုင် ၁၈ ရက်မှာ အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ပါတယ်။
ပျက်ကျကြေမွသွားတဲ့ မလေးရှားခရီးသည် လေယာဉ်ပေါ် လိုက်ပါလာသူ၂၉၈ ဦးအနက် ခရီးသည် စာရင်းအရ ၂၈၃ ဦးမှာ နယ်သာလန် ၁၅၄ ဦး၊ မလေးရှား ၄၅ ဦး၊ ဩစတြေးလျ ၂၈ ဦး၊ အင်ဒိုနီးရှား ၁၂ ဦး၊ ဗြိတိန် ၉ ဦး၊ ဘယ်ဂျီယံ ၄ ဦး၊ ဂျာမနီ ၄ ဦး၊ ဖိလစ်ပိုင် ၃ ဦး၊ ကနေဒါ ၁ ဦး၊ နယူးဇီလန် ၁ ဦး၊ လေယာဉ် ၀န်ထမ်း ၁၅ဦး၊ ကပ္ပတိန် ၂ ဦးနှင့် နိုင်ငံသားမသိရသေးတဲ့သူ ၂၀ ဦး စုစုပေါင်း ၂၉၈ ဦးစလုံး သေးဆုံး သွားပါတယ်။
သေဆုံးသူများအနက် ၁ဝဝ ခန့်ဟာ ဩစတြေးလျနိုင်ငံမှာ ကျင်းပမည့် ကမ္ဘာ့ AIDS ညီလာခံ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ကြတယ်လို့သိရပါတယ်။
လေယာဉ်ပျက်ကျတဲ့ ရုရှား-ယူကရိန်း နယ်စပ်အနီး ဂရာဘတ်ရွာရှိ မီးကျွမ်းထားတဲ့နေရာ တစ်ဝိုက်မှာ လေယာဉ်အပိုင်းအစတွေ၊ ဒါဇင်နဲ့ချီတဲ့ ရုပ်ပျက်ဆင်းပျက် ရုပ်အလောင်းတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ၊ ပစ္စည်းပစ္စ္စယတွေ ပြန့်ကျဲနေတာ တွေ့ရ ပါတယ်။
0 မှတ်ချက်များ for "ရုရှား-ယူကရိန်းနယ်စပ်မှာ ပျက်ကျသွားတဲ့ မလေးရှား ခရီးသည် လေယာဉ်ကိစ္စ အမြန်စုံစမ်း စစ်ဆေးဖို့ တောင်းဆို"