PR စနစ်ကို ဆန့်ကျင်ရေး ဆန္ဒပြပွဲ ညီနောင် တိုင်းရင်းသား ပါတီများ စီစဉ်နေ

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အချိုးကျ ကိုယ်စားပြုစနစ် Proportional Representation (PR) ကျင့်သုံးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမျိုးသား လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် လက်မခံတဲ့အတွက် ရှမ်းပြည်နယ်အတွင်းရှိ ခရိုင် ၅ ခုမှာ PR စနစ်ကို ဆန့်ကျင် ကန့်ကွက်ရေး ဆန္ဒပြ သွားဖို့ တိုင်းရင်းသားပါတီ ၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က  စီစဉ်ထားတယ်လို့ သိရပါတယ်။

PR စနစ်ကို ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြပွဲကို ရှမ်းပြည် တောင်ပိုင်း လင်းခေး ခရိုင်၊ တောင်ကြီး၊ တာချီလိတ်၊ ကျောက်မဲ၊ လားရှိုး ၅ ခရိုင်မှာ ဆန္ဒပြဖို့ အားလုံး အစီအစဉ် ဆွဲထားတယ်လို့ ပါတီပြောခွင့်ရ ဦးစော သန်းမြင့်က ပြောပါတယ်။ 

လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ PR စနစ်ကျင့်သုံးဖို့ လုပ်ဆောင်လာမှာကို တိုင်းရင်းသား ပါတီတွေက မျှော်လင့်ထားပြီးသား ဖြစ်ကြောင်းလဲ ဦးစောသန်းမြင့်က ခုလို ပြောပါတယ်။

“၂၀၁၅ မှာ PR ၀င်တော့မယ်ဆိုတာ ကျနော်တို့သိတယ်။ PR ဘယ်နည်း ဘယ်ပုံဘယ်စနစ်မျိုး သွားမယ် ဆိုတာလည်း အသေးစိတ်အကွက်ချထားပြီးပြီ။ ဘယ်စနစ်မျိုးသွားမယ်ဆိုတာလည်း လုပ်ထားပြီးပြီ။ ကျနော် တို့က ဘာပဲဖြစ်ဖြစ် တိုင်း ၇ တိုင်းမှာ အရင် ကျင့်သုံးကျင့်ပါ။ တိုင်း ၇ တိုင်းမှာ ကျင့်သုံးပြီးလို့ ပြည်သူရော ပါတီတွေကရောအားလုံး ကောင်းပါတယ်မှန်ပါတယ်။ အားလုံးလက်ခံနိုင်ပါတယ်။ အင်မတန် ရိုးရှင်း လွယ်ကူပြီး အားလုံးက ကောင်းတယ်ဆိုရင် လာမယ့် ၂၀၁၅ မှာ ကျနော်တို့ ကန့်ကွက်ဖို့ ကန့်ကွက်ဖို့က ကျနော်တို့ စဉ်းစားရတော့မယ်လေ။ အခုကတော့ ဘယ်လိုဖြစ်ဖြစ် ကန့်ကွက်တယ်။” 

ညီနာင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ‘ဝ’ ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ အင်းအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီစတဲ့ တိုင်းရင်းသားပါတီ ၁၅ ခု ပါဝင်ပါတယ်။

0 မှတ်ချက်များ for "PR စနစ်ကို ဆန့်ကျင်ရေး ဆန္ဒပြပွဲ ညီနောင် တိုင်းရင်းသား ပါတီများ စီစဉ်နေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++