အစိုးရလက်နက်ကိုင် တပ်ဖွဲ့ နှင့် ရှမ်းတပ်မတော် (မြောက်ပိုင်း) စစ်ရေးတင်းမာနေ
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSPP/SSA) ထိန်းချုပ် နယ်မြေထဲမှာရှိတဲ့ တာ့ဖာဆောင်တံတား အနီးက တပ်တွေကို နေရာရွှေ့ပြောင်းပေးဖို့ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ က ရာဇသံ ပေးလာတဲ့ အတွက် နှစ်ဘက် တပ်တွေအကြား စစ်ရေး တင်းမာမှုတွေ ရှိလာတယ်လို့ သိရပါတယ်။
ကျေးသီးမြို့နယ်နဲ့ SSPP/SSA ဌာနချုပ်ဟောင်း ဆင်းကျော့ ဒေသအကြားမှာ ဆက်သွယ်ထားတဲ့ တာ့ဖာဆောင် တံတားအနီးက ရှမ်းတပ်တွေကို အစိုးရ လက်နက်ကိုင် စစ်ကြောင်း လှည့်လည်ရေး အတွက် နေရာ ရွှေ့ပြောင်း ပေးဖို့ ခြေလျင် တပ်ရင်း(ခလရ) ၂၄၇ က လာရောက်ပြောဆိုရာမှ တင်းမာ မှုတွေ ဖြစ်ပွားနေတာလို့ SSPP/SSA ဗိုလ်မှူးကြီး ပိန်ဖက အခုလို ပြော ပါတယ်။
တံတားနားမှာ ချထားတဲ့ ကျနော်တို့ တပ်တွေကို သူ တို့ (အစိုးရ) ရှေ့တန်းတပ်က ရွှေ့ခိုင်းတယ်။ လုပ်ရိုး လုပ်စဉ်လို ဖြစ်နေပြီ။ အခုဟာက ရာဇသံပေးတဲ့ သဘောပေါ့။ ကျနော်တို့ ထိန်းချုပ် နယ်မြေတွေ ထဲက နေရာတွေကို ခဏနေ ဟိုရွှေ့ခိုင်းလိုက်၊ ဒီရွှေ့ခိုင်းလိုက် လုပ်နေတာ။ သဘောက ရန်စတာလည်း ပါတယ်။ ခြိမ်းခြောက်တာလည်းပါတယ်”လို့ ဆိုပါတယ်။

SSA မြောက်ပိုင်းတပ်ဖွဲ့ကို ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးရာမှာ
ငြင်းဆန်ခဲ့တဲ့အတွက် အစိုးရ လက်နက်ကိုင် ရှေ့တန်းတပ်ဖွဲ့တွေက တာ့ဖာဆောင်တံတားကို ၂၀၁၁
ထဲမှာ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ငြိမ်းချမ်းရေးတည်ဆောက်ပြီးချိန်
နှောင်းပိုင်းမှာ အဲဒီတံတားကို ရှမ်းတပ်ဖွဲ့တွေက ပြန်လည်တည်ဆောက်
ခဲ့တယ်လို့ လည်း ဆက်ပြောပါတယ်။
တာ့ဖာဆောင် တံတားဟာ SSPP/SSA အတွက် သာမက ဒေသအတွင်းက ရှမ်းတိုင်းရင်းသား
ပြည်သူတွေ အတွက် စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေမှာ
ကူးသန်းသွားလာရေး အတွက် အရေးပါတဲ့ တံတားတစင်း ဖြစ်တယ်လို့ သိရပါတယ်။
SSPP/SSA နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား
၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိထားပြီး နောက်ပိုင်း
၂၀၁၄ ခုနှစ် မတ်လ အထိ အစိုးရ စစ်တပ်နဲ့ တိုက်ပွဲပေါင်း ၁၀၀ ကျော်
ဖြစ်ပွားခဲ့ပြီး အသေအပျောက် ဒဏ်ရာရသူများ ရှိတယ်လို့ သိရပါတယ်။

0 မှတ်ချက်များ for "အစိုးရလက်နက်ကိုင် တပ်ဖွဲ့ နှင့် ရှမ်းတပ်မတော် (မြောက်ပိုင်း) စစ်ရေးတင်းမာနေ"