ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရတဲ့ဒေသခံများ အခက်အခဲများ ကြုံနေရ

မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် နယ်စပ်၊
နေပြည်တော်အရှေ့ဘက် ၆ မိုင်ခန့်တွင် တည်
ဆောက်ထားတဲ့ အထက်ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရ သည့် ကျေး ရွာ၂၃ ရွာမှ ဒေသခံ တသောင်းကျော် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေ ရကြောင်း သိရသည်။

“ပြောင်းရွှေ့ရတဲ့ဒေသခံတွေအတွက် အာဏာ ပိုင်တွေက အိမ်တွေ ရေကန်တွေတည်ဆောက်ပေး ပါတယ်။ သို့သော်  ဖြစ်သလိုဘဲ တည်ဆောက်ပေးခဲ့တော့ ဟိုတလောက လေအရမ်းတိုက်တော့ တဲတွေရဲ့ခေါင် မိုးတွေ လန်ကုန်တယ်။  ရေကန်တွေတူးတာ မကြာသေးဘူး ပျက်စီးကုန်ပြီးလို့ ဒေသ ခံတွေကို ကူညီပေးနေသည့် ကယန်းမျိုးဆက်လူငယ်အဖွဲ့  ဥက္က္က္ကဌ ကိုပီတူး က ပြောသည်။

ကျေးရွာသစ်တွင် ခက်ခဲနေသည့် ပြဿနာများနှင့်ပတ်သက်ပြီး ရွာသားများက အစိုးရထံ စာတင်ရန် ကြောက် ရွံ့နေကြကြောင်း၊ ရွာသားများသည် အလုပ်အကိုင် မရှိကြသည့် အတွက် ကလေးငယ်များကို ကျောင်း မထားနိုင်ကြောင်း၊ လက်ရှိ နေရာတွင် ကလေးများ ပညာရေး အတွက် ကျောင်းဆောင် မရှိကြောင်း
ကိုပီတူးက ဆက်ပြောသည်။

ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၀၅ ခုနစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနစ် ဇူလိုင်လတွင် ရေကာတာ တည်ဆောက်မှုအပိုင်း ပြီးစီးခဲ့သည်။

ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းဧရိယာ အနီးဝန်းကျင်ရှိ ရေလွှမ်းမိုးနိုင်သည့် ရွာပေါင်း ၂၃ ရွာ မှ လူဦးရေ ၁သောင်း ကျော်သည် ၂၀၁၃ ခုနစ် သြဂုတ်လတွင် စတင် ပြောင်းရွှေ့ခံခဲ့ရခြင်း ဖြစ်သည်။

ပြောင်းရွှေ့ခံရသူ ရွာသားများအား နစ်နာကြေးပေးရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ဝါးအိမ် တအိမ် လျှင် ကျပ် ၁၅ သိန်း၊ သစ်သားအိမ် တအိမ်လျှင် ၂၅ သိန်း၊ တိုက်အိမ် တအိမ်လျှင် သိန်း ၄၀၀ ပေးလျော်မည် ဟု ပြောဆိုထားသော်လည်း အချို့မှာ ဝါးအိမ်တအိမ်ကို ကျပ် ၉၃၀၀၀၊ သစ်သားအိမ်ကို သိန်း ၂၀၊ တိုက် အိမ်ကို ၈၅ သိန်းသာ ရရှိကြသည်။

ထိုအစားထိုးပေးသည့် ကျေးရွာသစ်တွင် ရွာသားများ စိုက်ပျိုးလုပ်ကိုင်ရန် လယ်ယာမြေ မရှိသဖြင့် စိုက်ပျိုးရေး မလုပ်နိုင်သောကြောင့် ၀င်ငွေ မရှိကြသဖြင့် အစိုးရပေးသည့် လျော်ကြေးငွေဖြင့်သာ သုံးစွဲနေထိုင်နေကြ ရသည်ဟု ကိုပီတူး က ဆက်ပြောပြသည်။

ရွှေ့ပြောင်းခံရသည့် ရွာ ၂၃ ရွာတွင် နေထိုင်ကြသူများသည် ပလောင်၊ ပအို့ဝ်၊ ကယားနှင့် မြန်မာ အများစု ဖြစ်ကြပြီး တောင်ယာလယ်လုပ်ကြသူများ ဖြစ်ကြသည်။ ပြောင်းရွှေ့ရသည့် ရွာသစ်သည် ပင်လောင်းမှ ၂၅ မိုင်ခန့် ဝေးသော တောင်ပေါ် လမ်းကြမ်းသည့် ခရီးလမ်းတွင် ရှိနေပြီး မိုးရွာများပါက ၎င်းတို့ နေထိုင်ရာ နေရာသို့ ရေများစီးဆင်းလာသည့် အတွက် ရေ၀ပ်ရေလျှံ ဖြစ်ပေါ်ပြီး သွားရေးလာရေး ခက်ခဲမှုများ ရှိနေသည်။

0 မှတ်ချက်များ for "ပေါင်းလောင်း ရေအား လျှပ်စစ် စီမံကိန်းကြောင့် ရွှေ့ပြောင်းခံရတဲ့ဒေသခံများ အခက်အခဲများ ကြုံနေရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++