၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပင်လုံစိတ်ဓါတ်ကိုအခြေခံတဲ့ ညီလာခံကြီးတရပ် ကျင်းပနိုင်ရေး ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ကယန်းပြည်သစ်ပါတီဥက္ကဌ တိုက်တွန်း
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လူမျိုးပေါင်းစုံ ဘာသာ
ပေါင်းစုံတွေကို "စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်စေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး" တစည်းတလုံး အားလုံးဝိုင်းဝန်း ဆောင် ရွက်ကြဖို့ ဒီကနေ့ ကျင်းပတဲ့ ကယန်းအမျိုးသား လက်နက်ကိုင် တော်လှန်ရေး နှစ် ၅၀ ပြည့် ရွှေရတု အထိမ်းအမှတ် အခမ်းအနားကနေ ကယန်းပြည်သစ် ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်က တိုက်တွန်း ပြောကြား လိုက်ပါတယ်။
"စစ်အာဏာရှင်စနစ်ဟာ ဒီကနေ့အထိ တည်ရှိနေ ဆဲဖြစ်ပါတယ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းစည်းပုံသည်လည်း အာဏာရှင်စနစ်ကို အကာအကွယ်ပေးနေပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ရှိနေသရွေ့ စစ်အာဏာရှင်စနစ် သက်ဆိုး ရှည်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကုန်အစင်ပြင်ဆင်ရေး တနည်းအားဖြင့် အသစ်ရေးဆွဲရေးနှင့် ပင်လုံစိတ်ဓါတ်ကိုအခြေခံတဲ့ ညီလာခံကြီးတရပ် ကျင်းပနိုင်ရေး အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံက တစည်းတလုံး အားလုံးဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်သွားကြဖို့ တိုက်တွန်း လိုပါတယ်"
ကယန်းအမျိုးသားလက်နက်ကိုင် တော်လှန်ရေး နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ဇွန်လ (၄)ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဒေသ ကယန်းပြည်သစ်တေပ်မတော်ဌာနချုပ်မှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ ညီညွတ်သော ၀ အမျိုးသားပါတီ(UWSP)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (ကလလတ)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) စတဲ့ မဟာမိတ်အဖွဲ့ ၂၀ကျော် က ကိုယ်စားလှယ်တွေနှင့် ဒေသခံတစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။
ကယန်းပြည်သစ်တပ်မတော်ကို ၁၉၆၄ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပါတယ်။ စစ်အာဏာရှင်ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကိုလည်း ဆန့်ကျင်ကန့်ကွက်တဲ့အတွက် ဒီမိုကရေစီအစိုးရအမည်ခံ လက်ရှိ ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်အစိုးရနှင့်လည်း ငြိမ်းချမ်ေးရးဆွေးနွေးပွဲမလုပ်ခဲ့သလို ပြည်သူ့စစ်ဖွဲ့စည်းရေးကို ငြင်းဆိုခဲ့ပါတယ်။

0 မှတ်ချက်များ for "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပင်လုံစိတ်ဓါတ်ကိုအခြေခံတဲ့ ညီလာခံကြီးတရပ် ကျင်းပနိုင်ရေး ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ ကယန်းပြည်သစ်ပါတီဥက္ကဌ တိုက်တွန်း"