ရုရှားကို ခြိမ်းခြောက် ရန်ပြုဖို့ စိတ်မဝင်စားဘူးလို့ ဥရောခရီးစဉ်မှာ သမ္မတအိုဘားမား ပြောကြား
ရုရှားနိုင်ငံရဲ့ ရန်ရှိနေချိန်မှာပဲ အရှေ့ဥရောပနဲ့ ဥရောပအလယ်ပိုင်းမှာ အမေရိကန်တပ်တွေ ထားရှိမှုကို အားဖြည့်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁ ဘီလီယံသုံးစွဲဖို့ အစီအစဉ်နဲ့ ရုရှားကို ခြိမ်းခြောက် ရန်ပြုဖို့ စိတ်မဝင်စားဘူးလို့ ဥရောခရီးစဉ် ပိုလန်နိုင်ငံရောက်စဉ်မှာ သမ္မတအိုဘားမား ပြော ကြား လိုက်ပါတယ်။“ကျွန်တော့်ရဲ့ခရီးစဉ်ကို ဒီမှာစရတာက ပိုလန်နိုင်ငံရဲ့ လုံခြုံရေးအတွက် အမေရိကန်ရဲ့ ထောက်ခံမှုကို ပြသ ဖို့ဖြစ်ပါတယ်။ အလားတူ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ဥရောပက အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ လုံခြုံရေးဟာ အမေရိကန် လုံခြုံရေးအတွက် အုတ်မြစ်ဖြစ်သလို သိပ်လည်း အရေးကြီးတယ်လို့ ဆိုပေမယ့် ရုရှားကို ခြိမ်းခြောက်ရန်ပြုဖို့ အမေရိကန်က စိတ်မဝင်စားဘူးလို့ ” ပြောပါတယ်။
ဥရောပတလွှား စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့်ရေး၊ အမေရိကန်တပ်တွေနဲ့ လက်နက်ပစ္စည်းတွေကို ပိုပြီး လှည့်လည်ထားရှိနိုင်ရေး၊ Georgia၊ Moldova နဲ့ Ukraine နိုင်ငံတွေရဲ့ စစ်ရေးစွမ်းအင် တိုးမြှင့်စေရေး၊ ပင်လယ်နက်နဲ့ Baltic ပင်လယ်ထဲမှာ နေတိုးအဖွဲ့ ရေတပ်တွေ ဖြန့်ချထားမှုမှာ အမေရိကန်တပ်တွေ ပိုပြီး ပါဝင်နိုင်ရေးအတွက် ဒေါ်လာ ၁ ဘီလီယံ အတည်ပြုပေးဖို့ သမ္မတ အိုဘားမားက ကွန်ဂရက်လွှတ်တော် ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
Ukraine အပေါ် ရုရှားနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကြောင့် စစ်တပ်အင်အားကို တိုးချဲ့မယ်လို့ ပိုလန်သမ္မတ Bronislaw Komorowski က ပြောကြားပါတယ်။
Ukraine အပေါ် ရုရှားနိုင်ငံရဲ့ ဆောင်ရွက်မှုတွေကြောင့် စစ်တပ်အင်အားကို တိုးချဲ့မယ်လို့ ပိုလန်သမ္မတ Bronislaw Komorowski က ပြောကြားပါတယ်။
သမ္မတ အိုဘားမားကတော့ ရုရှားနဲ့ ပဋိပက္ခ မဖြစ်ချင်ဘူးဆိုတာကို အခုလို ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့က ရုရှားနိုင်ငံနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိချင်ပါတယ်။ ရုရှားအပေါ် ခြိမ်းခြောက်ဖို့ ကိုလည်း စိတ်မဝင်စားပါဘူး။ ရုရှားရဲ့ နယ်နမိတ်တလျှောက် ဖြစ်နေတာတွေက သူ့ရဲ့အကျိုးစီးပွားနဲ့လည်း သက်ဆိုင်နေတယ်။ Ukraine နဲ့လည်း ဟိုးအရင်ထဲက သမိုင်းဝင် ဆက်ဆံရေး ရှိခဲ့တယ်ဆိုတာကို အမေရိကန်က လက်ခံပါတယ်။ ဒါပေမဲ့ ပိုင်နက်တည်တံ့ခိုင်မြဲရေးနဲ့ အချုပ်အခြာအာဏာကို မထိပါးသင့်ဘူး ဆိုတဲ့ မူအပေါ်မှာလည်း ကျွန်တော်တို့က ယုံကြည်ပါတယ်။”
သမ္မတ အိုဘားမားက ဗုဒ္ဓဟူးနေ့မှာ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်အုပ်ချုပ်မှုစနစ်ကို အဆုံးသပ်စေခဲ့တဲ့ အလုပ်သမားသမဂ္ဂတွေရဲ့ Solidarity လှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲ အနိုင်ရခဲ့မှု နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်မှာဖြစ်ပြီး အင်အားကြီး ၇ နိုင်ငံ ထိပ်သီး စည်းဝေးပွဲအတွက် Belgium နိုင်ငံ Brussels မြို့တော်ကို ခရီးဆက်ရန်ရှိသလို အနှစ် ၇၀ ပြည့် D Day နေ့ အခမ်းအနားတက်ရောက်ဖို့ ပြင်သစ်နိုင်ငံကိုလည်း ခရီးဆက်ရန် ရှိပါတယ်။

0 မှတ်ချက်များ for "ရုရှားကို ခြိမ်းခြောက် ရန်ပြုဖို့ စိတ်မဝင်စားဘူးလို့ ဥရောခရီးစဉ်မှာ သမ္မတအိုဘားမား ပြောကြား"