ငြိမ်းချမ်းရေး အမြန်ရဖို့အတွက် ကာချုပ်နှင့်သမ္မတ တို့ကို KNU သွားရောက်တွေ့ဆုံ
![]() |
| ဓာတ်ပုံ-ဗိုလ်ချုပ်မှူးကြီး |
တပြည်လုံး အပစ်အခတ်ရပ်စဲရေး အမြန်ဆုံး အကောင်အထည်ဖော်ရေးနှင့် နိုင်ငံရေးဆွေးနွေး ပွဲ ဒီနှစ် မကုန်မီ စတင်နိုင်ရေးအတွက် ကရင် အမျိုးသားအစည်းအရုံး KNU ဥက္ကဌ မူတူးဆေးဖိုး ဦးဆောင်းတဲ့ ကိုယ်စားလှယ်အဖွဲ့ က သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သွားရောက်
တွေ့ဆုံပါတယ်။
KNU ကိုယ်စားလှယ်အဖွဲ့က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ ဒီကနေ့ မနက် ၁၀ နာရီက ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ညနေ ၅ နာရီကနေ ၆ နာရီကျော်အထိ သမ္မတ ဦးသိန်းစိန်နှင့် သမ္မတရဲ့ ယာတောနေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမှုမှာ KNU ရဲ့ သဘောထားတွေဖြစ်တဲ့ ငြိမ်းချမ်းရေးရရှိတဲ့ အထိ ကြိုးပမ်းဆောင်ရွက်သွားရန်၊ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့နေရာမှာ ရိုးရိုးသားသား စိတ်စေတနာနဲ့
ဆောင်ရွက်သွားရန်နှင့် နိုင်ငံရေးအပေါ်မှာ အမြတ်ထုတ်လိုတဲ့ သဘောထားမရှိဟု KNU ဥက္ကဌကြီးက
ပြောကြားပြီး တပ်မတော်ရဲ့ သဘောထားကိုလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေကို အားရကျေနပ်မှုရှိကြောင်း၊ မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အခြေခံကျတဲ့ အယူအဆ ၃ ဖြစ်တဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ ဒီအခြေခံ ၃ ရပ်ကို တပ်မတော်က တက်တက်ကြွကြွလိုက်ပါ လုပ်ဆောင်မည်ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအမြန်ဆုံး ရရှိအောင်လုပ်ချင်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထူးပြုပြောကြား ခဲ့ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်းတို့ ဦးဆောင် ပါဝင်တက်ရောက်ပြီး KNU ဥက္ကဌနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ရဲ့ ၆ ကြိမ်မြောက် တွေ့ဆုံပွဲ ဖြစ်တယ်လို့ သိရပါတယ်။
KNUနှင့် သမ္မတကြီး ၅ ကြိမ်မြောက် ဒီတွေ့ဆုံပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းကော်မတီ NCCT နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ စာချုပ်မူကြမ်းကို ရေးဆွဲနေတဲ့ Single Text ကို ပြီးမြောက်ရန်အမြန်လုပ်ပြီး အမြန်လက်မှတ် ရေးထိုး ကြဖို့၊ နိုင်ငံရေးဆွေးနွေးပွဲ အမြန်စနိုင်ဖို့နှင့် နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့အဆင့်ထိ ငြိမ်းချမ်းရေးအတွက် ခိုင်မာတဲ့အခြေအနေတခု၊ အဆင့်တခု၊ ကတိ က၀တ်တခုကို ဆောင်ရွက်သွားစေချင်တယ်လို့ အကြံပြုခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်တဲ့ KNU ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။
သမ္မတကြီးကလည်း KNU ဆွေးနွေးတင်ပြ၊ အကြံပြုချက်အပေါ် ပြန်လှန်ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးကို ရအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားကြောင်း ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်း ချမ်းရေး စင်တာက အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စနှင့်ပတ်သက်ပြီး ပဒိုမန်းငြိမ်းမောင်က "ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တဲ့နေရာမှာရော၊ သမ္မတကြီးနဲ့ တွေ့တဲ့နေရာမှာရော ကျနော်တို့ အဲ့ဒါကို ဘယ်ဘက်ကမှ ဒီအပေါ်မှာ ဆွေးနွေးတာမရှိပါဘူး။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့နောက်မှာ ကျနော်တို့ နိုင်ငံရေးကို ဆွေးနွေးမယ်ဆိုတာ သမ္မတကြီးကလည်း နိုင်ငံတော်အစိုးရရဲ့ သဘောထားကို ပြောထားပြီးဖြစ်တဲ့အတွက် အဲ့ဒီအပေါ်မှာ ကျနော်တို့လည်း သဘောတူပါတယ်။ ကျနော်တို့ပြောပြောနေတဲ့ ညီလာခံကြီးမှာ မျက်နှာစုံညီ ဆွေးနွေးမယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အခြေခံဥပဒေကအစ သဘောထားကွဲလွဲမှုတွေကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ ဆွေးနွေးမယ်ဆိုရင် ဒီအခက်အခဲတွေက မကျော်လွှားနိုင် စရာအကြောင်း မရှိဘူးလို့ ကျနော်တို့ကတော့ အဲ့ဒီလိုပဲ ယုံကြည်ပါတယ်"။
မနက်ဖြန်မနက် ၇ နာရီမှာတော့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

0 မှတ်ချက်များ for "ငြိမ်းချမ်းရေး အမြန်ရဖို့အတွက် ကာချုပ်နှင့်သမ္မတ တို့ကို KNU သွားရောက်တွေ့ဆုံ "