အစ္စလာမစ် ပြစ်ဒဏ်တွေ ကျင့်သုံးဖို့ ဘရူနိုင်း ဆူလ်တန်ဘုရင် ကြေညာ

ဘရူနိုင်းနိုင်ငံမှာ တင်းကျပ်တဲ့ အစ္စလာမစ် ပြစ်ဒဏ်တွေ ချမှတ် ကျင့်သုံးတော့မှာ ဖြစ်ကြောင်း ဆူလ်တန်ဘုရင် က ထုတ်ဖော် ကြေညာလိုက်ပါတယ်။

အဲဒီ ပြစ်ဒဏ်တွေထဲမှာ ခြေလက်ဖြတ်တာမျိုးနဲ့ ခဲနဲ့ ပစ်ပေါက် အပြစ်ပေးတာမျိုးတွေကို တဖြည်းဖြည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

မဖွယ်မရာ အပြုအမူတွေ၊ သောကြာနေ့ ဘုရားဝတ်ပြုဖို့ ပျက်ကွက်တာမျိုးတွေ အပါအဝင် ပြစ်မှုတွေ အတွက် ထောင်ဒဏ်နဲ့ ဒဏ်ကြေးစနစ်တွေ ပါဝင်တဲ့ ပြစ်ဒဏ်တွေကို အခုသီတင်းပတ်က စလို့ ချမှတ်သွားမယ်လို့ သိရပါတယ်။

ဒုတိယ အဆင့်အနေနဲ့ ခိုးမှု ကျူးလွန်သူတွေကို ကြိမ်ဒဏ်နဲ့ ခြေလက်ဖြတ်တာမျိုးလို ပြစ်ဒဏ်တွေ ချမှတ် မှာ ဖြစ်ပြီး နောက်ဆုံးအဆင့် အနေနဲ့ လိင်တူဆက်ဆံမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု စတဲ့ ပြစ်မှုတွေ အတွက် ခဲနဲ့ အသေပစ်ပေါက် အပြစ်ပေးတာမျိုးတွေ လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်သူ ဆူလ်တန်ဘုရင် ဟာဂျီ ဟက်ဆဲနယ်လ် ဘိုလ်ကီယာက ဒီပြစ်ဒဏ်တွေကို အလ္လာက ချမှတ်ခဲ့တာ ဖြစ်တဲ့အတွက် မတရားဘူး ရက်စက်တယ်လို့ မဆိုနိုင်ကြောင်း ပြောသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနကတော့ တချို့ ပြစ်ဒဏ်တွေဟာ ညှဉ်းပမ်း နှိပ်စက်တဲ့ အခြေအနေ အထိ ရောက်သွားပြီး လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအဖြစ် သတ်မှတ်ထားကြောင်း ပြောပါတယ်။

0 မှတ်ချက်များ for "အစ္စလာမစ် ပြစ်ဒဏ်တွေ ကျင့်သုံးဖို့ ဘရူနိုင်း ဆူလ်တန်ဘုရင် ကြေညာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++