အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ကို အယ်ကိုင်ဒါး သူပုန် တိုက်ခိုက် သိမ်းပိုက်

ရှီယာမူဆလင်တွေ ဦးဆောင်တဲ့ အီရတ်အစိုးရ အတွက် မထင်မှတ်ဘဲ အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးဖြစ်တဲ့ Mosul မြို့ကို ဆူနီမူဆလင် အစွန်းရောက် စစ်သွေးကြွတွေက  တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။ 

အီရတ်နိုင်ငံဟာ ခက်ခဲတဲ့အခြေအနေတခုမှာ ကျရောက်နေတယ်လို့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပြောကြားခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာနိုင်ဖို့ အရေးပေါ် လွှတ်တော် ခေါ်ယူဖို့လည်း Nouri al-Maliki က တောင်းဆိုလိုက်ပါတယ်။
 

တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ အီရတ်စစ်သားတွေက လက်နက်တွေထားပြီး ထွက်ပြေးခဲ့ကြောင်း၊ စစ်တပ် စခန်းချထားတဲ့ နေရာတွေအပြင် Mosul လေဆိပ်ကိုလည်း အကြမ်းဖက်သမားတွေက သိမ်းပိုက် လိုက်ကြောင်း အီရတ်လွှတ်တော်ဥက္ကဌ Osama al-Nujaifi ကလည်း ပြောပါတယ်။

Mosul မြို့ဟာ စစ်သွေးကြွတွေရဲ့ လက်ထဲမှာ ကျရောက်နေပြီလို့  အီရတ်အစိုးရ တာဝန်ရှိသူ တယောက် ကလည်း ပြောပါတယ်။ 

RPG လက်နက်ကြီးတွေ လေယာဉ်ပစ် လက်နက်တွေနဲ့ တိုက်ခိုက်သူတွေ ဝင်ရောက်လာတာကြောင့် အီရတ် စစ်သားတွေက ရန်သူ့လက်ထဲ မရောက်အောင် လက်နက်တိုက်တွေကို  မီးရှို့ခဲ့ကြပါတယ်။

Mosul မြို့ သိမ်းပိုက်ခံရတာနဲ့ ပတ်သက်လို့ အီရတ်လုံခြုံရေး လုံးဝပျက်ပြားသွားပြီလို့ အီရတ်စစ်တပ် တပ်မှူးကြီးတယောက်က ပြောပါတယ်။

al-Qaida အဖွဲ့ခွဲတွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ထိန်းနိုင်အောင် ကြိုးစားနေရတဲ့ အီရတ် အစိုးရအတွက် အခု Mosul မြို့ တိုက်ခိုက် သိမ်းပိုက်ခံရတာဟာ အထိနာမှုကြီးတခု ဖြစ်ပါတယ်။

0 မှတ်ချက်များ for "အီရတ်နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ကို အယ်ကိုင်ဒါး သူပုန် တိုက်ခိုက် သိမ်းပိုက်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++