ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်းဖို့ KIO နဲ့ အစိုးရ သဘောတူညီ
ဒီနေ့ မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ ကေအိုင်အိုနဲ့
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ သီးသန့်ဆွေးနွေးပွဲမှာ နှစ် ဘက် ကိုယ်စားလှယ်တွေပါဝင်တဲ့ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်း ဖို့ သဘောတူ ခဲ့ကြပါတယ်။
နှစ်ဘက်တပ်တွေရဲ့ ပဋိပက္ခ အရှိန်လျှော့နိုင်ဖို့ အတွက် အပစ်အခတ်စောင့်ကြည့်ရေးအဖွဲ့တွေကို ဖွဲ့စည်းဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်း
ရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌတစ်ဦးဖြစ်သူ ဝန်ကြီးဦးအောင်မင်းက ဆွေးနွေး ပွဲမှာ အခုလို ပြောပါတယ်။
"မကြာခင်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အဖြစ် အပျက်တွေကို ပြန်ကြည့်ပြီး သင်ခန်းစာရချင်ရင် အစိုးရနဲ့
ကေအိုင်အို အကြား ငြိမ်းချမ်းရေးဖြစ်စဉ် ကိုလည်း တစ်ပြိုင်နက်တည်းမှာ ဆက်လက် အကောင်အထည်
ဖော်ဖို့ လိုအပ်တယ်လို့ ကျနော် တိုက်တွန်းပြော ကြားလိုပါတယ်၊ အပစ်အခတ် အရှိန်အဟုန် လျော့နိုင် ဖို့ အပစ်အခတ်စောင့်ကြည့်ရေး အဖွဲ့ကို ဖွဲ့စည်းဖို့ သဘောတူထားတာရှိပါတယ်၊ ဒါကိုဆက်လက် အကောင် အထည်ဖော်ဖို့ ကျနော်တို့ နှစ်ဖက်စလုံးမှာ တာဝန်ရှိပါတယ်"
ကချင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတာဟာ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေတုန်းက သဘောတူထားတဲ့ အချက်တွေ ကို နှစ်ဘက်တပ်တွေက လိုက်နာမှုမရှိတာကြောင့်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ဒီနေ့
ဆွေးနွေးပွဲမှာ ၀န်ခံပြော ဆိုကြပါတယ်။
အစိုးရနဲ့ ကေအိုင်အို ကိုယ်စားလှယ်တွေ တစ်ဘက် ၅ ယောက်စီပါတဲ့ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းအဖွဲ့ကို ဖွဲ့စည်းဖို့ ၊ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံဖို့နဲ့ တိုက်ပွဲတွေမဖြစ်ရေးအတွက် ပွင့်ပွင့် လင်းလင်းဆွေးနွေးဖို့ အပါအဝင် အချက် ၅ ချက်ကို သဘောတူထုတ်ပြန်ခဲ့ကြပါ တယ်။ နှစ်ဘက်ကိုယ်စားလှယ်တွေ နောက် ထပ်တွေ့ဆုံ မယ့် အချိန်ကိုတော့ အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို အရင်ဆွေးနွေးပွဲတွေတုန်းက တက်ရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာန စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး မတက်ရောက်ခဲ့ပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူး ကိုယ်စားလှယ် Mr. Wang Ying Fan၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးရုံးက Ms. Mariann၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ဝင်တွေနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။___အာအက်ဖ်အေ

0 မှတ်ချက်များ for "ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ ဖွဲ့စည်းဖို့ KIO နဲ့ အစိုးရ သဘောတူညီ"