အတွေးများကို ဖန်တီးပေးနိုင်တဲ့ Article လေးတစ်ခု

လူရယ်လို့ဖြစ်လာပြီး အမေ့ဗိုက်ထဲက ထွက်လိုက်ကတည်းက ကျွန်တော်တို့ဟာ သက်တမ်း ၁၃.၈ ဘီလီယံနှစ် ရှိတဲ့ စကြာဝဠာကြီး ထဲကို စတင်ဝင်ရောက်လာတယ်။ 

အူဝဲ ဆိုတဲ့အသံဟာ လောကကြီးထဲဝင်လာတဲ့လူတစ်ယောက်ရဲ့ ပထမဆုံးသော ကြွေးကြော်သံပါ။ အဲ့ဒီ ကလေးငယ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အတော်ဆုံး လူသားတစ်ယောက်ဖြစ်ပါတယ်။ 

ဘာလို့ ကျွန်တော်ဒီလိုပြောရသလဲ...။ 

ဒီကလေးငယ်ဟာ အားလုံးထက် အလားအလာရှိလို့ပါ။ သူဟာ သိပ္ပံပညာရှင်ပါ။ တွေးခေါ်ပညာရှိကြီးပါ။ ပန်းချီဆရာပါ။ ကမ္ဘာကျော် အဆိုတော်ကြီးပါ။ နိုင်ငံခေါင်းဆောင်ကြီးပါ။ စာရေးဆရာကြီးပါ။ အတော်ဆုံးဘောလုံးသမားပါ။ သူဟာ အရာအားလုံးဖြစ်နိုင်တဲ့သူပါ။ သူ့မှာ ဆရာမရှိသေးဘူး။ သူငယ်ချင်းမရှိသေးဘူး။ ဘယ်သူမှ သူ့ကို ပုံမသွင်းသေးဘူး။ ဘာသာတရား မရှိသေးဘူး။ သူဟာ Homo Sapiens လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ ညဏ်အထက်ဆုံး၊ စဉ်းစားညဏ်အရှိဆုံး သက်ရှိမျိုးစိတ်တစ်ခုသာဖြစ်တယ်။

ဒီမှာ.... လာပါပြီ။ သူ့ခဗျာ ကမ္ဘာလောကကြီးကို ၀ အောင်တောင် မစူးစမ်းရသေး။ ကမ္ဘာ့လေထုကို ၀ အောင်ပင် မရှူရသေး။ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက သူ့ကို တံဆိပ် ကပ်နှိပ်လိုက်ပါတယ်။ အဲ့တံဆိပ် နာမည်ကတော့ "ဘာသာတရား" တဲ့။

အဲ့ဒါနဲ့ အားမရသေး။ နောက်တော့ သူလမ်းလျှောက်တယ်။ သူ့ရဲ့ အချစ်ဆုံးမေမေက သူ့ကို လမ်းလျှောက် သင်ပေးတယ်။ စကားပြောသင်ပေးတယ်။ ပြီးတော့ ကျောင်းထားပေးတယ်။ သူ့ဘ၀ရုပ်လုံးဖော်ပေးမှာ ဒီနေရာပဲ။ သူ့ကို ဘ၀ ဖျက်မှာ ဒီနေရာပဲ။ သူ့ကို လူသားအဖြစ်ရှင်သန်ခွင့်မပေးပဲ စက်ရုပ်တစ်ရုပ်အဖြစ် အသွင်ပြောင်းလိုက်မှာက ဒီနေရာပဲ။ ကျောင်းမှာ စာသင်တယ်။ သူက စာအသင်ခံရတယ်။ သူ့ကို ကြက်ဥပြုတ်တွေကြွေးတယ်။ ကြက်ဥပြုတ်နည်းမသင်ဘူး။ ငါးကြော်တွေကြွေးတယ်။ ငါးဖမ်းနည်းမသင်ဘူး။ သူ့ကို သိပ္ပံနဲ့ဆိုင်တဲ့ equation တွေသင်တယ်။ အဲ့ဒီ equation တွေ ဘယ်လိုရလာသလဲ မသင်ဘူး။ နှစ်ပေါင်း ရာထောင်ချီတစ်လျှောက် သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိမှုတွေကို ပြောပြတယ်။ အဲ့ဒီသိပ္ပံပညာရှင်တွေ ဘယ်လိုစဉ်းစားခဲ့လဲ ပြောမပြဘူး။ အဲ့ဒီမှာ ကျွန်တော်တို့ဟာ လူဖြစ်ရှုံးခဲ့ရတယ်။

ကျွန်တော် ခု တက္ကသိုလ်တက်တော့ ကျောင်းမှာ အင်ဂျင်တွေနဲ့ ပတ်သက်တဲ့ စာတွေကို အလွတ်ကျက်မှတ် ရတယ်။ ကျွန်တော်စိတ်မရှည်ဘူး။ အိုင်းစတိုင်းပြောသလိုပဲ စာအုပ်ထဲ အလွယ်တကူဖတ်ရှုလို့ရတဲ့စာကို ကျွန်တော်တို့ဘာလို့ အလွတ်ကျက်စရာလိုမှာလဲ။ ကျောင်းက စာမေးပွဲနီးတော့ ကျက်ရမယ့်စာတွေရွေးပေး တယ်။ ၁၃ ပုဒ်။ အဲ့ထဲက စာမေးပွဲမှာ ၉ ပုဒ်ပါမယ်တဲ့။ ကျွန်တော် တော်တော်စိတ်ပျက်မိပါတယ်။ ဒါဟာ အဓိပ္ပာယ်ရှိသလားလို့ စဉ်းစားမိတယ်။ ဘယ်လိုပဲ စဉ်းစားစဉ်းစား အဓိပ္ပာယ်မရှိတာပါ။ စာအုပ်ရဲ့ မျက်နှာ ဖုံးကို ဖတ်ကြည့်လိုက်တော့လဲ ၂၀၀၈ ခုနှစ်တဲ့။ ခု ၂၀၁၃ လေ(အဲ့တုန်းကတော့ ၂၀၁၃၊ ခု ၂၀၁၄)။ ၅ နှစ်ကြီးတောင်ကွာနေတယ်။ ဒီနည်းပညာဆိုတာ မနေ့ကနဲ့ ဒီနေ့တောင် မတူတော့တာပါ။ ထင်လို့ အင်တာနက်ပေါ်မှာ အဲ့ဒီအကြောင်းတွေ တက်ရှာကြည့်တော့လဲ စာအုပ်ထဲကအကြောင်းတွေနဲ့ တော်တော် ကို ကွာနေတာကိုတွေ့ရတယ်။ ဒီလို ကျွန်တော်လဲ စိတ်အနှောက်အယှက်ဖြစ်တာနဲ့ မကျက်တော့ဘူး။ တော်တော်များများကိုတော့ ဖတ်ကြည့်တယ်။ ဖတ်လို့လဲ ကောင်းပါတယ်။ မဆိုးပါဘူး။ ဆရာက ရွေးပေးမထားတဲ့ အပုဒ်တွေဆိုပိုလို့တောင် ဖတ်လို့ကောင်းသေးတယ်။ စာမေးပွဲခန်းထဲလဲ ရောက်ကော ကျွန်တော်မှတ်မှိသလောက် ချရေးပေးလိုက်တယ်။ တစ်ချို့အပုဒ်တွေကို မမှတ်မိဘူး။  အဲ.... စာမျက်နှာနံပါတ်တော့ မျက်လုံးထဲ မြင်ယောင်နေတယ်။ ဒီတော့ စာမျက်နှာ နံပါတ်ချရေးပစ်ခဲ့တယ်။ သူငယ်ချင်းတွေကတော့ ပြောပါတယ်။ မင်းကျလဲ ငါတို့ မအံ့သြဘူးတဲ့။ အမြင်ကပ်ပုဒ်မ နဲ့ ကို ချလောက်တယ်တဲ့။ နည်းနည်းတော့ မျက်ခုံးလှုပ်မိသား။ အောင်တာပါပဲ။ကျွန်တော် ကံကောင်းပါတယ်။ ကျွန်တော်ဒီလို စတန့်ထွင်တာကို အားပေးတဲ့လူတစ်ယောက် မြန်မာနိုင်ငံမှာ ရှိတယ်။ သူ့နံမည်က သာထက်အောင် တဲ့။ ဟုတ်တယ်လေ။ ဒီ ဘီလီယံချီတဲ့ အက်တမ်အစုအဝေးကို သာထက်အောင် လို့ ကျွန်တော်မွေးကတည်းက ကျွန်တော့်အမေက အမည်ပေးထားတယ်။ ကျွန်တော့် ဦးနှောက်မှာတော့ နာမည်မရှိဘူး။ ကျွန်တော့်ဦးနှောက် စဉ်းစားသမျှ၊ လုပ်ချင်သမျှ အရာအားလုံးကို ဟောဒီ သာထက်အောင်ဆိုတဲ့ အက်တမ်၊ ဒီအန်အေ၊ ပရိုတိန်း အစုအဝေးကြီးက အထောက်အပံ့ပေးနေတာပါပဲဗျာ။

ကျွန်တော်ပြောချင်တာက လူတစ်ယောက် ကို လွှတ်ပေးလိုက်ပါဗျာ။ သူစဉ်းစားချင်တာ၊ ယုံကြည်ချင်တာကို လွတ်လွတ်လပ်လပ် စဉ်းစားယုံကြည်ခိုင်းလိုက်ပါ။ ဘောင်တွေ မကွပ်လိုက်ပါနဲ့။ စဉ်းစားနည်းသင်ပေးပါ။ စဉ်းစားထားတာတွေ ရိုက်မသွင်းပေးလိုက်ပါနဲ့။ စူးစမ်းခိုင်းပါ။ သူများစူးစမ်းပြီးသားတွေကို အလွတ် မကျက်ခိုင်းပါနဲ့။ ဘာသာရေးမှာလဲ ထိုနည်းလည်းကောင်းပါပဲ။ လွတ်လပ်ခွင့်ပေးလိုက်ပါ။ သူယုံကြည်တယ် ဆို ကိုးကွယ်ခွင့်ပေးလိုက်ပါ။ မယုံကြည်ရင်လဲ မကိုးကွယ်ခွင့်ပေးလိုက်ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ဟာ ဘာသာလွတ်တစ်ယောက်ပါ။ ဒီလို ဖြစ်ရတာလဲ ကျွန်တော်ဖြစ်ချင်လွန်းလို့ အတင်းကြီး လုပ်ယူထားတဲ့အရာမဟုတ်ပါဘူး။ အမှန်တရားကိုလိုက်ရှာတဲ့၊ သူများပြောတိုင်း မယုံတတ်တဲ့ ဘေးထွက် အကျိုးတစ်ခုဖြစ်ပါတယ်။

အကြီးဆိုတိုင်း ပြန်မပြောရဘူးဆိုတဲ့ အယူအဆကို လဲပယ်ဖျက်ပေးပါ။ လေးစားသမှုတော့ ရှိပါတယ်။ ဒါပေမယ့် ခေတ်ကြီးက ပြောင်းနေတာပါ။ သူတို့ရဲ့ အယူအဆတိုင်းဟာလဲ မမှန်နိုင်ပါဘူး။ ခေတ်ဆိုတာကို လိုက်လျောညီထွေးပြုတတ်ရပါတယ်။ ဦးအောင်ဇေယျ ပုန်ကန်တယ်။ ဆရာစံ ပုန်ကန်တယ်။ ဒါပေမယ့် ခေတ်မတူတော့ ဘာဖြစ်လဲ။ 

ဦးအောင်ဇေယျ ဘုရင်ဖြစ်တယ်။ ဆရာစံ ကြိုးပေးခံရတယ်။ မိဘစကားတိုင်းသာ နားထောင်မယ်ဆိုရင် သိဒ္ဓထ မင်းသား ဂေါတမဖြစ်လာမှာ မဟုတ်ဘူး။ သင်မွေးလာတုန်းက သင်ဟာ ကမ္ဘာပေါ်မှာ အတော်ဆုံး ညဏ်အထက်ဆုံး အလားအလာ အရှိဆုံး လူတစ်ယောက်ပါ။ ဒါပေမယ့် သင့်ဘ၀ တစ်လျှောက်သင်ဟာ အများရဲ့ ပတ်ဝန်းကျင်ရဲ့ နှောက်ယှက်မှုတွေကြောင်း တန်ဖိုးလျော့ကျမှန်းမသိလျော့ကျလျက်ရှိပါတယ်။ 

ဒီလိုတွေတွေးပြီး အားလုံးနဲ့ မတူထူးနေတဲ့အတွက် ကျွန်တော်ကတော့ အထီးကျန်ကြောင်တောင်တောင်လို့ မခံစားရဘူးဗျ။ တကယ့်ကို စပယ်ရှယ်ကြီးလို့ ခံစားရသဗျ။ လူအများစုက အလုပ်လုပ်မယ်၊ အိမ်ထောင်ပြုမယ်၊ ကလေးမွေးမယ်၊ အိုမယ်၊ နာမယ်၊ သေမယ်။ 

ဒီလို ဒါပဲဒါပဲ ဖြစ်နေတဲ့ သမာရိုးကျ ဖြစ်တည်ခြင်းကနေ ကင်းဝေးစေဗျ။ ကျွန်တော်ယုံကြည်တယ်။ ထောင်ပေါင်းများစွာသော ပါရမီရှင်တွေဟာ ဘေးပတ်ဝန်းကျင် နဲ့ ဆရာအမှားတွေကြောင့် လူမသိနေထိုင်ပြီး လူမသိ သေဆုံးပြီးဖြစ်တယ်။ 

သင်လဲ ပါရမီရှင်၊ နယ်ပယ်တစ်ခုခုမှာ ကြောက်ခမန်းလိလိ ထူးချွန်မယ့်လူမဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ သင့်ရဲ့ မွေးရာပါ ပါရမီတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် အခြားဘေးပရောဂတွေ၊ သာမန်ရေစီးကြောင်းထဲကနေ ခွဲထွက်ဖို့လိုပါတယ်။

Credit to : Thar Htet Aung (The Science Guy)

0 မှတ်ချက်များ for "အတွေးများကို ဖန်တီးပေးနိုင်တဲ့ Article လေးတစ်ခု"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++