ပျောက်သွားခဲ့တဲ့ ယူကရိန်းဆန္ဒပြခေါင်းဆောင် ဒဏ်ရာဒဏ်ချက်တွေ နဲ့ ဆေးရုံမှာရောက်နေ
ယူကရိန်းအစိုးရကို ဆန့်ကျင်ရေး ဆန္ဒပြလူတွေကို ဦးဆောင်တဲ့ ခေါင်းဆောင်တယောက်က ရက် အတော်ကြာ ပျောက်ဆုံးရာကနေ အခုတော့ ဒဏ်ရာတွေနဲ့ မြို့တော် ကိယက်က ဆေးရုံ မှာ ရောက်နေပါတယ်။
သူ့ကို စစ်မေးဖို့အတွက် ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲတွေကို ဆန္ဒပြသူတွေက ဆေးရုံမှာ ပိတ်ဆို့ တားဆီးနေပါတယ်။
၈ ရက်ကြာအောင် ပျောက်သွားတဲ့ အဲဒီ ဆန္ဒပြသမား ဒဲမစ်ထရို ဘူလာတော့ဗက သူ့ကို လူတစုက
ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်၊ သူ့ကို နှိပ်စက်ကြတာ ဒဏ်ရာတွေ အပြည့်ပါလို့ ပြောပါတယ်။
သွေးတွေကပ်နေတဲ့ သူ့မျက်နှာနဲ့ သူ့ အကျီမှာ သွေးတွေ စိုရွှဲနေတာကိုလည်း ဓာတ်ပုံ တွေ မှာတွေ့ ရပါတယ်။
သူ့ကို ဖမ်းဆီးသွားသူတွေဟာ ယူကရိန်းစကားကို ရုရှ လေယူလေသိမ်း နဲ့ပြောတဲ့ သူတွေ ဖြစ်တဲ့ အကြောင်းနဲ့ သူ့ကို ညှင်းပမ်းနှိပ်စက်ပြီး နှင်းတောထဲမှာ ပစ်ထားခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။
သူ့ကို ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ရောက်လာတဲ့ ရဲတွေကို ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ ကလည်း အဲဒီလို မေးမြန်းစစ်ဆေးမှာကို ခွင့်မပြုသလို သူ့ကို ဖမ်းဆီးမှာကိုလည်း ဆန္ဒပြသမားတွေက ပိတ်ဆို့တားဆီးထားလို့ ရဲတွေအခုအချိန်မှာ သူ့ကို ဖမ်းလို့ မရသေးပါဘူး။
ပြီးခဲ့တဲ့နိုဝင်ဘာမှာ ယူကရိန်းရဲ့ သမ္မတဗစ်တာ ယူနိုကိုဗစ်ကနိုင်ငံမှာ ဘဏ္ဍာရေးအကြပ်အတည်း ဖြစ်နေတဲ့ ကိစ္စကို ရုရှဆီက ပေးလာမယ့် ငွေကြေးအကူအညီယူပြီး ဖြေရှင်းဖို့လုပ်ခဲ့တယ်။
ယူကရိန်းက ဥရောပသမဂ္ဂနဲ့ ညှိနှိုင်း ဆောင်ရွက်တာတွေကို ရပ်ဆိုင်း ပြီး ရုရှနဲ့အခုလိုလုပ်တာကို မကျေနပ်တဲ့ သူတွေ က ဒီဆန္ဒပြပွဲတွေ ကို အဲဒီအချိန်ကစပြီး လုပ်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီ လလယ်တုန်းကလည်း အစိုးရက ဆန္ဒပြသမားတွေကို တင်းကြပ်ကန့်သတ်လို့ရတဲ့ ဥပဒေ ကို ပြဌာန်းခဲ့ပြီးတဲ့နောက် ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား တိုက်ခိုက်တာတွေ ဖြစ်ခဲ့ပါတယ်။
အခု မစ္စတာဒဲမစ်ထရို ဘူလာတော့ဗ ဖမ်းချုပ်နှိပ်စက် ခံရတဲ့အရေးနဲ့ပတ်သက်ပြီးနိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကလည်း ဒါဟာ အရိုင်းအစိုင်းတွေရဲ့ လုပ်ရပ်လို့ သုံးနှုံးရှုတ်ချ ခဲ့ပြီး ပြုလုပ်သူတွေကို အလျင်အမြန် ဖော်ထုတ် အရေးယူဖို့ တောင်းဆိုခဲ့သလို အမေရိကန် အစိုးရနဲ့ ဥရောပသမဂ္ဂတို့ကလည်း ဒီရာဇတ်မှု ကျူးလွန်သူတွေ ကို အမြန်အရေးယူဖို့ ယူကရိန်း အစိုးရကို တောင်းဆိုနေပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ပျောက်သွားခဲ့တဲ့ ယူကရိန်းဆန္ဒပြခေါင်းဆောင် ဒဏ်ရာဒဏ်ချက်တွေ နဲ့ ဆေးရုံမှာရောက်နေ"