မြန်မာအစိုးရတပ် အရာရှိ ၂ ဦးကို KIA ထိန်းသိမ်း

ကချင်ပြည်နယ် တောင်ပိုင်း ဗန်းမော်ခရိုင် မန်စီမြို့နယ် တပ်မဟာ (၃) ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၂၇ မန်းဝင်းကြီးနှင့်
နောင်တောင်း KIA လူဝင်မှုကြီးကြပ်ရေးဂိတ်သို့ အရပ်ဝတ်ဖြင့် ဝင်လာသော အစိုးရအရာရှိ ၂ ဦးနှင့် တပ်သား ၁ ဦးအား ဇန္နဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီချိန်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း KIA မှ ပြောသည်။

၎င်းတို့သည် လားရှိုး ရမခ (တိုင်းစစ်ဌာနချုပ်) မှ ဒုတိယဗိုလ်မှူးကြီး သက်ခိုင်ဦး ကြည်း (၂၆၀၁၄)၊ ဗိုလ်ကြီး ရန်နိုင်အောင် ကြည်း(၅၀၁၀၆)နှင့် တပ်သား မြင့်သူရှိန် တ (၃၉၄၀၂၀) တို့ဖြစ်သည်ဟု KIA ကပြောသည်။

“ကျနော်တို့က မေးတောင်မမေးသေးဘူး သူတို့က ရမခ ကဟုတ်တယ် ဆိုတော့ ကျနော်တိုက ထိန်းသိမ်း လိုက်တယ် ပြီးတော့ စစ်ဆေးမေးမြန်းတယ် ကိုယ်ပိုင်နံပါတ်တွေမေးပြီး တညအိပ်ပြီး ၂၆ ရက် နေ့လည် ၁၂ နာရီခွဲချိန် ပြန်လွှတ် လိုက်တယ်” ဟု KIA တပ်ရင်း ၂၇ မှ KNG ကချင်သတင်းဌာနသို့ပြောသည်။

၎င်းတို့သည် တရုတ်နယ်စပ် မူဆယ်-ဂျေကောင်မှ ရွှေလီ-နောင်တောင်းမှတဆင့် ကချင်ပြည်နယ်စပ်တို့ ဝင်ရောက်လာခြင်းဖြစ်ရာ လမ်းမှားပြီး ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ KIA စခန်းဖြစ်ကြောင်းကို မသိရှိ သဖြင့် ဝင်ရောက် လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု KIA က ပြောသည်။

ယခင်က ထိုဂိတ်သည် အစိုးရဂိတ်ဖြစ်သော်လည်း တိုက်ပွဲများစတင်ဖြစ်ပွားလာချိန် KIA တပ်ရင်း ၂၇ မှ သိမ်း ပိုက်စခန်းချထားခဲ့ခြင်း ဖြစ်သည်။___
ကချင်သတင်းဌာန

0 မှတ်ချက်များ for "မြန်မာအစိုးရတပ် အရာရှိ ၂ ဦးကို KIA ထိန်းသိမ်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++