မွန်တိုင်းရင်းသား လူဦးရေစာရင်း အမှန်ရရှိရန် ကော် မတီတစ်ရပ် ဖွဲ့စည်း
မွန်တိုင်းရင်းသား လူဦးရေစာရင်း မှန်မှန်ကန်ကန်
ပြုစုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန်တိုင်းအတွင်း နေ ထိုင်ကြတဲ့ မွန်တိုင်းရင်းသားစာရင်းကို အခုဇူလိုင်လ ကစပြီး လာမယ့်ဒီဇင်ဘာလအထိ သန်းခေါင်စာရင်း
ကောက်ယူသွားမယ်လို့ မွန်လူမှုအဖွဲ့အစည်းတွေ က ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မွန်လူမျိုးတွေရဲ့ လူဦးရေစာရင်းကို ကောက်ယူသွားဖို့ လုပ်ဆောင်ရတာဟာ စာရင်းမှန်မှန်ကန်ကန် မရှိခဲ့တာကြောင့် ရွေးကောက်ပွဲတွေမှာ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ရွေးချယ်နိုင်ခွင့်ရှိဖို့ဖြစ်တယ်လို့ မွန်လူမှုအဖွဲ့ အစည်းတွေက ဇူလိုင် ၁၄ရက်နေ့မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။

မွန်တိုင်းရင်းသားတွေနဲ့ မွန်လူမှုအဖွဲ့အစည်းတွေပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို တနင်္ဂနွေနေ့ ရန်ကုန်မြို့
တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး လူဦးရေစာရင်းကောက်ယူဖို့အတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။
နိုင်ငံတွင်းမှာ မွန်တိုင်းရင်းသားဦးရေစာရင်း အမှန်ရရှိရေးအတွက်ကလွဲပြီး တခြားရည်ရွယ်ချက်မရှိကြောင်း အဲဒီ ကော်မတီမှာပါဝင်တဲ့ ဒေါ်မိကွန်ကွန်ချစ်က ပြောပါတယ်။

မွန်တိုင်းရင်းသား ဦးရေစာရင်း အမှန်အကန်မရှိခဲ့တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးဆိုင်ရာ တိုင်းရင်းသားရေးရာဝန်ကြီးတွေ ရွေးချယ်ခံခွင့် ရှုံးနိမ့်ခဲ့ရတယ်လို့ ဆွေးနွေးပွဲတက်ရောက်လာသူတွေက ဆိုပါတယ်။
မွန်လူမှုအဖွဲ့အစည်းတွေအနေနဲ့ အခုလိုလူဦးရေစာရင်းမှန်မှန်ကန် ကောက်ယူနိုင်ဖို့အတွက် ဌာနဆိုင်ရာ အသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

0 မှတ်ချက်များ for "မွန်တိုင်းရင်းသား လူဦးရေစာရင်း အမှန်ရရှိရန် ကော် မတီတစ်ရပ် ဖွဲ့စည်း"