လူ့အခွင့်အရေး မချိုးဖောက်ကြဖို့ လူ့အခွင့် အရေး ကော်မရှင်က တိုက်တွန်း

လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် လူ့ အခွင့်အရေး ဖောက်ဖျက်ခြင်း မပြုလုပ်ရန်နှင့် အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းများ မပြုလုပ် ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် က တိုက်တွန်းကြောင်း မတ် ၂၈ ရက်နေ့ ရက်စွဲဖြင့် ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ကြေညာ ချက်တွင် ဖော်ပြခဲ့သည်။ 

ထို့ပြင် ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သည့် စစ်ပွဲ များကြောင့် ရပ်ရွာစွန့်ခွာသူများ ပြန်လည် ထူထောင်ရေး မလုပ်ဆောင်မီ မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က တိုက်တွန်းခဲ့သည်။

 မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ ကချင်ပဋိပက္ခနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်တွင် ကာလကြာရှည်စွာ ဖြစ်ပွားခဲ့သည့် ကချင်စစ်ပွဲကြောင့် ရပ်ရွာစွန့်ခွာ တိမ်းရှောင်သူများ မိမိရပ်ရွာသို့ ပြန် လည်နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး မပြုလုပ်မီ မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် လိုအပ်ပြီး မိုင်းရှင်းလင်းရေး ပြုလုပ်ပါက လက်နက်ကိုင် အဖွဲ့အစည်းများ သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ဒေသခံများအား မိုင်းအသိ ပညာပေးသင့်ကြောင်းနှင့် လက်နက် ကိုင် အဖွဲ့အစည်းများအနေဖြင့် ကျေးရွာလူထုအပေါ် မည်သို့သော အကြောင်းနှင့်မျှ လူ့အခွင့်အရေး ဖောက်ဖျက်ခြင်း မပြုလုပ်ရန်နှင့် တပ်သားသစ်များ အတင်းအဓမ္မ ခေါ်ယူစုဆောင်းခြင်း မပြုကြရန် လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ 

ထို့ပြင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲ များကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ဒုက္ခသည်များထံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လုံခြုံချောမွေ့စွာ ပို့ဆောင်ရေးနှင့် ရောက်ရှိရေးကို ကိုင်တွယ်ဖြေရှင်းရန် အလေးအနက် တိုက်တွန်းသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ 

ကချင်ပြည်နယ်တွင် ၂ဝ၁၁ ခုနှစ် ဇွန်လမှ စတင်ပြီး အစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ် မတော်တို့အကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ရာ ကချင်ပြည်နယ်ရှိ ဒေသခံများ သည် နေအိမ်များ စွန့်ခွာပြီး စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ သွားရောက်နေထိုင်ရသည့် အရေအတွက် များပြားခဲ့ သည်။ 

၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ရာ ဒုက္ခသည်ဦးရေ သည် မြန်မာအစိုးရ ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည် စခန်းများ၌ ဦးရေတစ်သိန်းကျော်အထိ ရှိလာပြီး ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည် စခန်းများတွင် ဒုက္ခသည် တစ်သိန်းဝန်းကျင်ရှိကြောင်း သိရသည်။ 

 အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ကေအိုင်အို အဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၄ ရက်နှင့် မတ်လ ၁၁ ရက်နေ့များတွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် နှစ်ဖက်တပ်များအကြား ထိတွေ့မှု လျော့နည်းလာပြီး ပြည်တွင်း ပြည်ပ လူမှုအဖွဲ့အစည်းများ အနေဖြင့် ဒုက္ခစခန်းများသို့ အကူအညီပေးရေး လုပ်ငန်းများ လုပ်ဆောင်ခွင့် ရရှိလာသည်။__အီလဲဗင်း

0 မှတ်ချက်များ for "လူ့အခွင့်အရေး မချိုးဖောက်ကြဖို့ လူ့အခွင့် အရေး ကော်မရှင်က တိုက်တွန်း"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++