တွေ့ဆုံမှုအပြီး UNFCနှင့် အစိုးရငြိမ်း ချမ်းရေးအဖွဲ့ ပူးတွဲ ကြေညာချက်
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ညီညွတ်သော
တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့၏ ဆွေးနွေးပွဲ ကို
ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်း မိုင်မြို့ရှိ Holiday Inn
တွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ညနေ ၅ နာရီ ၄၅မိနစ်အချိန်တွင် ဆွေးနွေးမှုကို
အဆုံးသတ်ခဲ့ပါသည်။
ယနေ့ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသည် အစိုး အနေဖြင့် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန်
သဘောတူညီမှုကို ပိုမိုခိုင်မာ စေခဲ့သည့် အပြင် နှစ်ဖက် ယုံကြည်မှုများလည်း
ပိုမို ရရှိလာစေသည်ဟု ဆွေးနွေးပွဲ တက်ရောက် ခဲ့သည် ကိုယ်စားလှယ်များမှ
ပြောဆိုခဲ့ကြသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC တို့
ချင်းမိုင် ဆွေးနွေးပွဲအပြီး ထုတ်ပြန် ခဲ့သော ပူးတွဲ ကြေညာချက်မှာ အောက်ပါ
အတိုင်း ဖြစ်ပါသည်။
၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ
ဥက္ကဋ္ဌ ဦးအောင် မင်း၊ ပြည်
ထောင် စု ၀န်ကြီးများ ဖြစ်သည့် ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအ၀င် အဖွဲ့ဝင် (၁၁) ဦးသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့မှ နိုင်ငံရေး
ဆွေးနွေးရေး အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာ၊ ဒုတိယ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ လဂျာ အပါအ၀င် အဖွဲ့ဝင် (၁၂) ဦးနှင့် ပထမအကြိမ် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် ကြိုတင်ပြင်ဆင်သည့် Framework Meeting ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နံနက် ၉ နာရီမှာ ညနေ ၅ နာရီအထိ ကျင်းပခဲ့ကြပါသည်။

၂။ နှစ်ဖက် ဆွေးနွေးဖက် အဖွဲ့အစည်းများသည် အောက်ပါ ခေါင်းစဉ်များကို ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
(က) နိုင်ငံရေး ဦးတည်ချက်
(ခ) နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်သော မူဘောင်
(ဂ) နိုင်ငံရေး ဆွေးနွေးပွဲအတွက် လိုအပ်သော အချိန်ဇယား
(ဃ) နိုင်ငံရေး ဆွေးနွေးပွဲတွင် ချမှတ်ရမည့် အစီအစဉ်များ ကြိုတင် ညှိနှိုင်း ရေးဆွဲခြင်း။
(င) နိုင်ငံရေး ဆွေးနွေးပွဲအတွက် နေရာ
(စ) Mediator, Monitor, နှင့် သက်သေများ ထားရှိရေး
(ဆ) တိုင်းရင်းသား လူမျိုးများ၏ ငြိမ်းချမ်းရေး ဆိုင်ရာ လုပ်ငန်းစဉ် (၆) ချက်
(ဇ) အထွေထွေ ကိစ္စရပ်များ

၃။ အကြိုပြင်ဆင်ရေး ကာလနှင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်စဉ်
တစ်လျှောက်တွင် UNFC အဖွဲ့အစည်းများ၏ နယ်မြေ များအတွင်း လူသားချင်း စာနာမှု
ဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံ စိုက် ပျိုးရေး
ကဏ္ဍများတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပံ့ပိုးကူညီမှုများကို ဆက်လက်
ဆောင်ရွက်နိုင် ရန် ဆွေးနွေးခဲ့ကြပါသည်။
၎။ နှစ်ဖက် အလုပ်အဖွဲ့များ (Technical Team) သည် အခါ အားလျော်စွာ တွေ့ဆုံညှိနှိုင်း ရန် ဆွေးနွေးခဲ့ ကြပါသည်။
၅။ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို နှစ်လအတွင်း ထပ်မံကျင်းပရန် နှစ်ဖက် သဘောတူ ညီခဲ့ကြပါ သည်။

0 မှတ်ချက်များ for "တွေ့ဆုံမှုအပြီး UNFCနှင့် အစိုးရငြိမ်း ချမ်းရေးအဖွဲ့ ပူးတွဲ ကြေညာချက်"