ရှုံးထွက် အဆင့်သို့ တက်လှမ်းလာ သည့် ဥရောပ ချန်ပီယံလိဂ် (၁၆)သင်း
ဥရောပရဲ့ အကြီးမားဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ (၂၀၁၂-၁၃) ခုနှစ်ရဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ဟာ အုပ်စု အဆင့် ကနေ လွန်မြောက်လို့ ရှုံးထွက် အဆင့်ကို ရောက်ရှိ လာခဲ့ ပါပြီ။
အဆိုပါ ရှုံးထွက် အဆင့်ကို အောင်မြင်စွာ တက်လှမ်း လာနိုင် တဲ့ အသင်းများ ထဲမှာ ဘာစီလိုနာ၊ ရီးယဲလ် မက်ဒရစ်၊ ဘေ ယန်မြူးနစ်၊ မန်ချက်စတာ ယူနိုက်တက် အစရှိတဲ့ အသင်း များ ဟာ ဥရောပ ချန်ပီယံလိဂ်နဲ့ မစိမ်းတဲ့ ထိပ်သီးကလပ် အသင်းတွေဖြစ် ကြပေမယ့် ဘိုရုရှား ဒေါ့မွန်၊ ရှက်တာဒိုးနက်၊ မာလာဂါတို့ကလည်း အတွေ့ ကျဲပေမယ့် လျော့ မတွက် သင့်တဲ့ ယခုနှစ် ချန်ပီယံလိဂ်ရဲ့ အဆိပ်ပြင်း အသင်းများပဲ ဖြစ်ကြပါတယ်။
လာလီဂါ ကိုယ်စားပြု အသင်း(၄)သင်းလုံး နောက်တဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သလို ဂျာမနီ ကလပ် အသင်း (၃)သင်းလုံးကလည်း နောက်ဆုံး (၁၆)သင်း စာရင်းထဲ အထိ ပါဝင် လာနိုင်ခဲ့ပြန်ပါတယ်။ သို့ပေမယ့် ပရီးမီးယားလိဂ် အသင်းများ ဖြစ်ကြတဲ့ အင်္ဂလန် ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ လက်ရှိ ချန်ပီ ယံလိဂ် ချန်ပီယံ ချယ်လ်ဆီးတို့ ကတော့ အုပ်စု အဆင့်မှာပဲ ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ ရပါပြီ။
ဒီတော့ ဒုတိယ အဆင့် ရှုံးထွက် ပွဲစဉ်များကို မဲနှိုက် ရွေးချယ်ကြမယ့် ဒီဇင်ဘာ (၂၀)ရက်နေ့ မတိုင်မီ အဆိုပါ အသင်း (၁၆)သင်းကို ကြိုတင် လေ့လာပြီး ဥရောပ ချန်ပီယံသစ် အသင်း တစ်သင်း အတွက် အကြို ရင်ခုန် ကြည့်ကြ ရအောင်။
(၁) အေစီမီလန်
ဥရောပ အစဉ်အလာ ကြီးမားတဲ့ အေစီမီလန် အသင်းကတော့ ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လျှမ်းလျှမ်း
တောက် ခြေစွမ်းမျိုး ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေး ပါဘူး။ (၂)ပွဲနိုင် (၂)ပွဲသရေ၊ (၂)ပွဲ ရှုံးဆိုတဲ့ အုပ်စုတွင်း ရလဒ်များကြောင့် စပိန်ကလပ် မာလာဂါရဲ့ နောက်ကနေ အုပ်စု ဒုတိယနေရာကိုပဲ ရယူနိုင်ခဲ့ ပါတယ်။
ပြည်တွင်းပြိုင်ပွဲ ဖြစ်တဲ့ စီးရီးအေမှာလည်း လိုအပ်ချက်တွေနဲ့ ဖြတ်သန်းနေ ရတဲ့ အေစီမီလန်ဟာ မနှစ်ကလို ချန်ပီယံလိဂ်မှ အစောတလျင် မထွက်ခွာ လာရအောင်တော့ စွမ်းဆောင်နိုင် ခဲ့ပါတယ်။ ဒါ့အပြင် ရိုဆန်နာရီ တို့ အနေနဲ့ အားတက် စရာ မျှော်လင့်ချက် တစ်ခု ကတော့ ယမန်နှစ်က မထင်မှတ် ပဲနဲ့ ဥရောပ ချန်ပီယံ လိဂ်ကို သိမ်းပိုက်နိုင် ခဲ့တဲ့ ချယ်လ်ဆီး အသင်း ဟာလည်း အလားတူပဲ ပြည်တွင်းပြိုင်ပွဲ ဖြစ်တဲ့ ပရီးမီးယား လိဂ်မှာ သာမန် ခြေစွမ်းအောက် ရောက်နေ ခဲ့ရက်နဲ့ ဥရောပ ဖလားကို အောင်နိုင် ခဲ့ခြင်း ပါပဲ။
(၂) အာဆင်နယ်
အင်္ဂလန် ကလပ် အာဆင်နယ် အသင်းကတော့ အုပ်စု အဆင့်မှာ တာထွက် ကောင်း ခဲ့ပေမယ့် အုပ် စုနောက်ဆုံး (၄)ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့တဲ့ အတွက် ဒုတိယနေရာနဲ့ ကျေနပ် ခဲ့ရ တာပဲ ဖြစ်ပါတယ်။ လန်ဒန် မြောက်ပိုင်း ကလပ်ရဲ့ ပဲ့ကိုင်ရှင် ဖြစ်တဲ့ အာစင်ဝင်းဂါးဟာ ဥရောပ အတွေ့အကြုံ ရင့်ကျက်သူလို့ ဆိုရပေမယ့်လည်း အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ရာဇဝင်မှာ (၂၀၀၆)ခုနှစ်က ဗိုလ်လုပွဲ တက်ရောက် ခဲ့မှုဟာ သမိုင်းမှာ အအောင်မြင်ဆုံး ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။
(၂၀၀၆)ခုနှစ် ပဲရစ် ဖိုင်နယ်မှာ ဘာစီလိုနာကို ရှုံးနှိမ့်ခဲ့ကာ ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရတဲ့ အာဆင်နယ် အသင်းဟာ နောက်ပိုင်းနှစ်တွေမှာလည်း ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင်ရတိုင်း ဘယ်လိုမှ ကျော်ဖြတ်နိုင် ခဲ့ခြင်း မရှိတော့တာကို တွေ့ရပါတယ်။ ယခုနှစ်မှာလည်း အုပ်စုဗိုလ် ဖြစ်အောင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပြန်လို့ လာလီဂါ ဘီလူးဖြစ်တဲ့ ဘာစီလိုနာနဲ့ ထပ်မံ ရင်ဆိုင်ရဦးမယ့် အနေအထားဟာ စိတ်ဝင်စားဖွယ်ရာ အခြေအနေ တစ်ခု ဖြစ်လာပြန်ပါတယ်။
(၃) ဘာစီလိုနာ
ညက်ညောလှပတဲ့ ကစားဟန်နဲ့ လာမာဆီယာ အကယ်ဒမီ ဂုဏ်ဆောင် အသင်းဟာ အုပ်စု အဆင့်ကို ထုံးစံအတိုင်း အခက်အခဲ မရှိ ကျော်ဖြတ်ပြနိုင်ခဲ့ ပြန်ပါတယ်။ အသင်း ခံစစ် ကစားသမားများရဲ့ ဒဏ် ရာ ပြဿနာကြောင့် မလိုအပ်ပဲ ပေးဂိုးတွေ များပြားခဲ့သလို၊ နိုဝင်ဘာလ အတွင်းမှာလည်း စကော့တလန် ကလပ် ဆဲလ်တစ်ကို မထင်မှတ်ပဲ အရေးနိမ့်ခဲ့ရပေမယ့်၊ အရေးပါတဲ့ အုပ်စုဗိုလ် နေရာကိုတော့ သက်တောင့်သက်သာပဲ ရယူပြနိုင်ခဲ့ပါတယ်။
အသင်းရဲ့ လက်ရှိခြေစွမ်း၊ ပါရမီရှင် ကစားသမားများရဲ့ စုဖွဲ့မှုတို့ကြောင့် ဘာစီလိုနာ အသင်းဟာ ချန်ပီယံ လိဂ် ဖလားကို ရယူဖို့ ရေပန်း အစားဆုံး အသင်း အဖြစ် ရပ်တည်လျက် ရှိနေတာဟာ အသေအချာ ပါပဲ။
နောက်ဆုံး (၇)နှစ် အတွင်း ဥရောပ ချန်ပီယံ အဖြစ် (၃)ကြိမ် အောင်ပွဲခံနိုင်ခဲ့သလို အနိမ့်ဆုံး ဆီးမီး ဖိုင်နယ် အဆင့်ကို အမြဲလိုလို ရောက်ရှိခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ်မှာလည်း အစဉ်အလာကို ချိုးဖောက်မယ့် အရိပ်အယောင်မျိုး မတွေ့ရသေးပါဘူး။
(၄) ဘေယန်မြူးနစ်
ယမန်နှစ်က ချန်ပီယံလိဂ် ငွေတံဆိပ်နဲ့သာ ကျေနပ်လိုက်ရတဲ့ ဘေယန်မြူးနစ် အသင်းဟာ အုပ်စု ပွဲများ မကုန်ဆုံးခင်ကတည်းက ရှုံးထွက် အဆင့်ကို တက်ရောက်နှင့်နေပြီးသားပဲ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ ယခုနှစ် ပြည်တွင်း ဘွန်ဒက်စ်လီဂါမှာလည်း အတောက်ပဆုံး ခြေစွမ်းများကို ပြသနေသလို ဥရောပမှာလည်း အဆိပ်ပြင်း အသင်း တစ်သင်း ဖြစ်တယ်ဆိုတာ ကျွမ်းကျင်သူများက လက်ခံထားပြီးသားပဲ ဖြစ်ပါတယ်။
မာရီယို ဂိုမက်ဇ်၊ အာဂျန် ရော်ဘင်၊ ဖရန့်ခ် ရီဘာရီ၊ တိုနီ ခရူးလ်စ်၊ မာရီယို မန်ဇူကစ်၊ သောမတ်စ် မူလာ တို့ရဲ့ တိုက်စစ် အင်အားကို တော်ရုံ ထိပ်သီးအသင်းတွေ လိုက်မမှီနိုင်ပါဘူး။ ဒါ့အပြင် ရှဝိန်းစတိုင်ဂါ၊ ဖိလစ် လမ်းနဲ့ မန်နူရယ် နူအာတို့လို့ ဂျာမန် ကစားသမားတွေ အထိုင်ချထားတဲ့ ဘေယန်မြူးနစ် အသင်းဟာ တည်ငြိမ်မှု အပိုင်းမှာလည်း အကောင်းဆုံး ရှိနေလို့ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့နှင့် အတူ ဗိုလ်စွဲနိုင်တဲ့ အသင်းများထဲမှာ ထိပ်ဆုံးပိုင်းနားက ပါဝင်နေတာပဲ ဖြစ်ပါတယ်။
(၅) ဘိုရုရှား ဒေါ့မွန်
Group of Death လို့ ခေါ်တွင်ရမယ့် အုပ်စုတွင်းကို သက်ဆင်းခဲ့ရတဲ့ ဂျာမန် ချန်ပီယံ ဒေါ့မွန် အသင်းရဲ့ ချန်ပီ ယံလိဂ် အနာဂတ်ကို အုပ်စု အဆင့်နဲ့သာ နိဂုံးချုပ် ရမယ်လို့ အများစုက ထင်ကြေးပေး ခဲ့ကြပေမယ့် သူတို့ ကတော့ အုပ်စု ပထမနေရာကို သက်တောင့် သက်သာ သိမ်းပိုက်ခဲ့ရုံတင် မကပဲ အုပ်စုတွင်း ရှုံးပွဲ မရှိတဲ့ စံချိန်ကိုပါ တင်ရှိကာ ဝေဖန်သူတွေကို နှုတ်ဆိတ်စေခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်၊ အေဂျက်စ်၊ မန်ချက် စတာစီးတီးတို့နဲ့ ပွဲစဉ် (၆)ပွဲ ယှဉ်ပြိုင်ကာ အုပ်စုဗိုလ် ဖြစ်လာခဲ့တဲ့ ဒေါ့မွန်ရဲ့ ခြေစွမ်းဟာ လျော့တွက် လို့ မရတာတော့ အသေအချာပါပဲ။
ရော်ဘတ် လီဝန်ဒေါ့စကီး၊ မာရီယို ဂေါ့ဇီ၊ မာကိုရူးစ်တို့လို ပါရမီရှင် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဘိုရု ရှား ဒေါ့မွန် အသင်းဟာ အထူးသဖြင့် ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲမှာ ဘေယန်မြူးနစ်ကို လိုက်မှီရန် မဖြစ်နိုင်တော့တဲ့ အခြေအနေကို ကြုံတွေ့လာ ခဲ့ရင် ၄င်းတို့ရဲ့ အာရုံစူးစိုက်မှုကို ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲပေါ် ရွှေ့ပြောင်း လိုက်ဖို့ ရှိနေလို့ ပြိုင်ပွဲဝင် တိုင်းက သတိထားရမယ့် အသင်း တစ်သင်းပဲ ဖြစ်ပါတယ်။
(၆) ဆဲလ်တစ်
အကယ်၍ ဘာစီလိုနာနှင့် နှစ်ပွဲဆက်တိုက် ယှဉ်ပြိုင်ခဲ့ရတဲ့ အုပ်စုတွင်း ပွဲစဉ်များဟာ ရှုံးထွက်အဆင့် ပွဲစဉ် သာ ဖြစ်ခဲ့မယ်ဆိုရင် ဆဲလ်တစ် အသင်းဟာ ဘာစီလိုနာ အသင်းနဲ့ အချိန်ပို ဆက်လက် ကစားကာ နောက် တဆင့် တက်ရေး အဆုံးအဖြတ်ကို ခံယူရနိုင်မယ့် အနေအထား အထိ တိုက်ပွဲဝင် စိတ်ဓါတ် အပြည့်နဲ့ တီတို ဗီလာနိုဗာရဲ့ ကာတာလန် အခြေစိုက် အသင်းကို တုန်လှုပ်စေ ခဲ့ပါတယ်။
နေးလ်လန်နွန် ဦးဆောင်တဲ့ အဆိုပါ စကော့တလန် ကလပ် အသင်းဟာ ဥရောပ ချန်ပီယံဘွဲ့ မျှော် မှန်းမယ်ဆိုရင် လက်တွေ့ မဆန်တဲ့ အိပ်မက် တစ်ခုသာ ဖြစ်လာပါ လိမ့်မယ်။ ဒါပေမယ့် အခုလို အိပ်မက်မျိုး မက်ခွင့် ရတာကိုက ဆဲလ်တစ် ပရိသတ်တွေ အတွက် ကောင်းချီး မင်္ဂလာ တစ်ခု ပါပဲ။ ဒါကြောင့် ဆဲလ်တစ် အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမယ့် အဝေးကွင်း ပွဲစဉ်တစ်ခုဟာ အသင်းတိုင်း အတွက် အိပ်မက်ဆိုးတွေ ဖြစ်လာနိုင် ပါတယ်။
(၇) ဂါလာတာစာရေး
မန်ချက်စတာ ယူနိုက်တက် တစ်သင်းသာ ထိပ်သီး အသင်းအဖြစ် ပါဝင်တဲ့ အုပ်စုမှာ တူရကီ အသင်း ဖြစ်တဲ့ ဂါလာတာစာရေးဟာ ဒုတိယ နေရာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်နိုင် ခဲ့လို့ ရှုံးထွက် အဆင့်ကို တက်လှမ်း လာနိုင် ခဲ့တာ ဖြစ်ပါတယ်။ ထို့ပြင် မန်ချက်စတာ ယူနိုက်တက်ကို ၄င်းတို့ရဲ့ အိမ်ကွင်းမှာ အနိုင် ကန်ပြနိုင် ခဲ့တဲ့ ဂါလာတာစာရေးဟာ ရိုမေးနီးယား ကလပ် ကလုဂ်ျနဲ့ ပေါ်တူဂီ အသင်း ဘရာဂါတို့ ကို နောက်ကောက် ချ ပြနိုင်ခဲ့လို့ ယခုလို ထိပ်သီးအဆင့် ပြိုင်ပွဲမှာ ဒုတိယ အဆင့်ကို ရောက်ရှိ လာခဲ့ တာပါ။
တူရကီ အသင်း တစ်သင်း ဖြစ်တာနဲ့ အညီ အိမ်ကွင်း ပရိသတ်တွေရဲ့ အရှိန်အဝါနဲ့ တူရကီ နိုင်ငံကို ခြေချ လာမယ့် မည်သည့် အသင်းရဲ့ အိပ်မက်ကို မဆို ဖျက်ဆီးပစ်ဖို့ ကြိုးစားမှာ မလွှဲမသွေ ပါပဲ။ ဒါပေမယ့်လည်း အရှိန်အဝါ ကြီးမားလွန်းလှတဲ့ ချန်ပီယံလိဂ်လို စစ်မြေပြင်မှာ တူရကီ အလံ လွှင့်ထူဖို့ကတော့ ခက်ခဲနေဦး မှာ သေချာနေ ပါတယ်။
(၈) ဂျူဗင်တပ်စ်
စီးရီးအေ ချန်ပီယံဘွဲ့ကို ရှုံးပွဲ မရှိဖြင့် သိမ်းပိုက်ကာ ချန်ပီယံလိဂ်ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြန်လည် ဝင်ရောက်လာတဲ့ ဂျူဗင်တပ်စ် အသင်းဟာ လက်ရှိ ချန်ပီယံ ချယ်လ်ဆီး အသင်းရဲ့ အိပ်မက်များကို အဓိက ရိုက်ချိုးပစ်ခဲ့တဲ့ ဥရောပ အင်အားကြီး အသင်းဟောင်း တစ်သင်း ဖြစ်ပါတယ်။
အီတလီ ပြည်တွင်း အမှတ်ပေး ဇယားမှာလည်း ထိပ်ဆုံးမှ ဦးဆောင်နေသလို၊ ချန်ပီယံလိဂ် အုပ်စု အဆင့် ကိုလည်း ပထမ နေရာကနေ ဖြတ်ကျော်ပြနိုင် ခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့ တည်ငြိမ်မှုဟာ အံ့မခန်း ပါပဲ။ အုပ်စုတွင်း မှာလည်း အရေးပါဆုံး နောက်ဆုံး ပွဲစဉ် (၂)ပွဲ ဖြစ်တဲ့ ချယ်လ်ဆီးနှင့် ရှက်တာဒိုးနက် တို့လို ပြိုင်ဘက် အသင်းတွေကို နှစ်ပွဲဆက် အနိုင် ကန်ကာ အုပ်စု ဗိုလ်နေရာကို အမိအရ ရယူခဲ့တဲ့ ဂျူဗင်တပ်စ်ရဲ့ ခြေစွမ်း ဟာ ယခုထက် ပိုမို တိုးတက် လာဦးမယ့် အနေ အထားမှာ ရှိနေ ပါသေးတယ်။
(၉) မာလာဂါ
ဥရောပ ချန်ပီယံလိဂ်နဲ့ ပတ်သက်လာရင် စပိန် ကလပ် မာလာဂါဟာ ပရိသတ်များ အတွက် သူစိမ်း သက် သက် အနေအထားသာ ရှိနေပါသေးတယ်။ သို့သော်လည်း ၄င်းတို့ဟာ ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရှုံးပွဲ မရှိသေးသူတွေပဲ ဖြစ်ကြပါတယ်။ သူတို့ဟာ ရေပန်းအစားဆုံး ကလပ် အသင်းတွေထဲမှာလည်း မပါဝင်ခဲ့ သလို ယခုထက်ထိလည်း ပါဝင်နေဦးမှာ မဟုတ်ပါဘူး။
ဒါပေမယ့် လက်ရှိ ဘောလုံးရာသီမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် မာလာဂါရဲ့ ဥရောပ ရည်မှန်း ချက်တွေဟာ မြင့်မားလာပုံ ရပါတယ်။ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာတုန်း ကလည်း သူတို့ဟာ ရှုံးထွက် အဆင့်ကို တက်ရောက် လာမယ်လို့ မည်သူကမှ ထင်မထား ခဲ့ကြပါဘူး။ အခုတော့ သူတို့ဟာ အုပ်စု ပထမနေရာ ကနေ ရှုံးပွဲမရှိပဲ နောက်တဆင့်ကို တက်လှမ်းနိုင် ခဲ့ကြပါပြီ။ ဒီတစ်ကြိမ်မှာတော့ မာလာဂါကို ရှုံးထွက် အဆင့် ကနေ လှည့်ပြန် သွားရဦး မယ်လို့ ထင်မြင်ကြ သူများ ရှိနေကြပါဦး မလား။
(၁၀) မန်ချက်စတာ ယူနိုက်တက်
ယမန်နှစ်က ရလဒ်ဆိုးများနဲ့ ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကနေ လက်ပြ နှုတ်ဆက်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုနှစ်မှာတော့ သက်တောင့်သက်သာနဲ့ပဲ ပွဲစဉ် မကုန်ဆုံးမီ (၂)ပွဲ အလိုမှာပင် အုပ်စု ပထမနေရာကို သိမ်းပိုက်ခဲ့တာကို တွေ့ရပါတယ်။ သို့သော်လည်း ယူနိုက်တက်ရဲ့ ရလဒ်တွေဟာ အပေါင်း လက္ခဏာတွေနဲ့ပဲ ပြည့်နှက်နေတာတော့ မဟုတ်ပါဘူး။
နောက်တန်း အားနည်းမှုကြောင့် မလိုအပ်သော ဂိုးများကို လွယ်လွယ်ကူကူ ခွင့်ပြုနေရတဲ့ အင်္ဂလန် ကိုယ် စားပြု မန်ချက်စတာ ယူနိုက်တက်ဟာ ယခင်က အစဉ်အလာ သမိုင်းကြောင်းများ အရ ဗိုလ်စွဲ ရန် ရေပန်း စားနေတဲ့ အသင်းများ ထဲမှာ ပါဝင်နေဆဲ ဖြစ်ပေမယ့် ရှုံးထွက် အဆင့်မှာ ရီးယဲလ် မက်ဒ ရစ်၊ အေစီမီလန် တို့လို ထိပ်သီး အသင်းများနဲ့ တွေ့ဆုံရနိုင်တဲ့ အခြေ အနေတွေကြောင့် ၄င်းတို့ ရဲ့ ပေါ့လျော့ လှတဲ့ ခံစစ်ကို အချိန်မီ ဖာထေးနိုင်ဖို့ လိုအပ်ပါ လိမ့်မယ်။
(၁၁) ပဲရစ်စိန့်ဂျာမိန်း (PSG)
ပြင်သစ် ကလပ် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် အတွေ့အကြုံရင့် အီတာလျံ နည်းပြ ကာလို အန်ဆလော့တီရဲ့ ကွပ်ကဲမှုနဲ့ အတူ အုပ်စု အဆင့်မှာ ရမှတ် (၁၅)မှတ်နဲ့ ပထမနေရာ ကို အပိုင် သိမ်းပြနိုင် ခဲ့ပါတယ်။ ဇလာ တန် အီဘရာဟီမိုဗစ်ခ်ျ၊ ပက်စတိုရီ၊ သီယာဂို ဆေးလ်ဗား၊ လာဗက်ဇီတို့ကို ပါရမီရှင် ကစားသမားတွေကို အချိန်တို အတွင်း သိမ်းပိုက်ထားနိုင်တဲ့ ပီအက်စ်ဂျီဟာ အထက်မြက်ဆုံး ခြေစွမ်းမှာ ရှိနေမယ်ဆိုရင် အသင်း တိုင်း ကို ယှဉ်ကစားနိုင်တဲ့ လူအင်အားကို ပိုင်ဆိုင်ထား ပါတယ်။
ပီအက်စ်ဂျီဟာ မန်ချက်စတာစီးတီး ကဲ့သို့ ငွေကြေး ကြွယ်ဝ ချမ်းသာမှုတွေနဲ့ ထူးချွန်တဲ့ ကစားသမားများကို သိမ်းပိုက် ထားနိုင်တဲ့ အနေအထားခြင်း တူညီနေသော်ငြားလည်း ဥရောပ ချန်ပီယံလိဂ် ရလဒ်တွေ ကတော့ အင်္ဂလန် ချန်ပီယံကို သာလွန်နေပြီ ဆိုတာ လက်တွေ့ ပြသလျက် ရှိနေပါတယ်။ ရီးယဲလ် မက်ဒရစ်၊ ဘာစီ လိုနာ တို့ရဲ့ လောင်းရိပ်တွေကြောင့် သာ ရေပန်း အစားဆုံး အသင်း အဆင့်ကို ရောက်ရှိ လာခြင်း မရှိသေး သလို၊ တည်ငြိမ်တဲ့ ခြေစွမ်း မရှိတဲ့ အီဘရာဟီ မိုဗစ်ခ်ျ တို့လို ကစားသမား များကို ထိန်းချုပ် လာနိုင်ခဲ့မယ် ဆိုရင် ပီအက်စ်ဂျီနဲ့ ဆန်ကျင်ဘက် အရပ်မှာ နေထိုင်ဖို့ ခက်ခဲ ပါလိမ့်မယ်။
(၁၂) ပေါ်တို
အုပ်စုတွင်း ပြိုင်ဘက် ပီအက်စ်ဂျီ အသင်းကို နောက်ဆုံး ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့လို့သာ အုပ်စု ပထမနေရာကို လက်လွတ်ခဲ့ရတဲ့ ပေါ်တို အသင်းဟာ ချန်ပီယံလိဂ်မှာ အစဉ်အလာ မသေးတဲ့ အသင်း တစ်သင်းပဲ ဖြစ် ပါတယ်။ ဟိုဆေး မော်ရင်ညိုရဲ့ အုပ်ချုပ်မှုအောက်မှာ ဥရောပ ချန်ပီယံဘွဲ့ထူးများကို ဆွတ်ခူးခဲ့ဖူး သလို၊ (၂၀၁၁)ခုနှစ်တုန်း ကလည်း လူငယ် နည်းပြ ဗီလက်စ်ဘိုအားစ်ရဲ့ အစွမ်းနဲ့ ယူရိုပါလိဂ်ကို ရယူခဲ့ ပါသေး တယ်။
လက်ရှိ မန်နေဂျာ ဖြစ်တဲ့ ဗစ်တာ ပါရဲရားကတော့ အဆိုပါ နည်းပြတွေလောက် ဂုဏ်သတင်း ကျော်ဇောမှု မရှိပေမယ့် ပေါ်တို အသင်းကို အကောင်းဆုံး ဦးဆောင်မှု ပြုပေးနေနိုင်တာ အမှန်ပါပဲ။ အကယ်၍သာ ပေါ်တို အသင်းနေနဲ့ ခန့်မှန်း ချက်တွေကို ဆန့်ကျင်ပြီး ထူးခြားတဲ့ အောင်မြင်မှု တစုံတရာသာ ရယူနိုင် ခဲ့ဦးမယ် ဆိုရင် ချယ်လ်ဆီး ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ တစ်ယောက် ဗစ်တာ ပါရဲရားကို ထပ်မံ ကမ်းလှမ်းဦးမလားဆိုတာ စိတ်ဝင် စားဖွယ်ရာ ကောင်းပါတယ်။
(၁၃) ရီးယဲလ် မက်ဒရစ်
လက်ရှိ ရီးယဲလ် မက်ဒရစ်ရဲ့ ခြေစွမ်းဟာ အကောင်းဆုံး အနေအထားမှာ မရှိသေးဘူးလို့ ကျွမ်းကျင် သူတွေ က သုံးသပ်နေကြပါတယ်။ အခုလို သုံးသပ်ရအောင်လည်း ဘာနေဗျူး အခြေစိုက် အသင်း အနေနဲ့ လာလီ ဂါမှာ ဘာစီလိုနာရဲ့ (၁၁)မှတ် အသာဖြင့် ဦးဆောင်ခြင်းကို ခံနေရသလို၊ ချန်ပီယံလိဂ် မှာလည်း ဂျာမန် ကလပ် ဘိုရုရှား ဒေါ့မွန်ကို ကျော်ဖြတ်နိုင်ခြင်း မရှိပဲ အုပ်စု ဒုတိယနေရာ နဲ့ပဲ ကျေနပ်ခဲ့ရ ပါတယ်။
ဥရောပ ချန်ပီယံလိဂ်ကို (၂)ကြိမ် ဆွတ်ခူး ရရှိထားတဲ့ မန်နေဂျာ ဟိုဆေး မော်ရင်ညိုရဲ့ ဦးဆောင်မှုနှင့် အတူ၊ ကမ္ဘာ့ အကောင်းဆုံး တောင်ပံ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အခြားသော ကမ္ဘာ့အဆင့် ကစားသမားပေါင်းများစွာ တို့ဟာ ရီးယဲလ် မက်ဒရစ်ရဲ့ ဥရောပ ချန်ပီယံ မျှော်လင့်ချက်ကို ပုံဖော် ပေးနိုင် မယ့် သူတွေပဲ ဖြစ်ကြပါတယ်။ သို့သော်လည်း (၂၀၀၂)ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိတော့တဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ မှတ်တမ်းဆိုးကို ချိုးဖျက် ပစ်ဖို့ နည်းပြ မော်ရင်ညို အနေနဲ့ ခက်ရာ ခက်ဆစ် ကြိုးပမ်းရဦး မှာပါ။
(၁၄) ရှော်ကေး
ရှော်ကေးဟာ အခြားသော ဂျာမန် ကိုယ်စားပြု အသင်းတွေ လိုပဲ နာမည်ကျော်တွေကို ဖြတ်သန်းကာ အုပ်စု ပထမနေရာကို သိမ်းပိုက် ခဲ့တဲ့ အသင်းကောင်း တစ်သင်း ပါပဲ။ အာဆင်နယ်ရဲ့ အိမ်ကွင်း မှတ်တမ်းကောင်း ကို (၂-၀)ဖြင့် အနိုင် ယူကာ ရိုက်ချိုး ဖျက်ဆီး ခဲ့ရုံ သာမက အုပ်စု ပထမနေရာ ကိုပါ အရ ဆွတ်ခူးနိုင် ခဲ့လို့ ရှုံးထွက် အဆင့်မှာ အခြားသော နာမည်ကျော် ထိပ်သီး အသင်းများကို ရှောင်လွှဲနိုင်တော့ မှာပဲ ဖြစ်ပါတယ်။
ရှော်ကေး အနေနဲ့ အခုလို ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်လာခဲ့တာဟာ သိပ်တော့ ထူးဆန်း လှတဲ့ အနေအထား တစ်ခုတော့ မဟုတ်တော့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ (၂၀၁၀-၁၁)ခုနှစ်တုန်း ကလည်း သူတို့ဟာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် အထိ တက်လှမ်းနိုင် ခဲ့တာမို့ပဲ ဖြစ်ပါတယ်။ ထို့အတူ ယခုနှစ် မှာလည်း ၄င်းတို့ အနေနဲ့ စပိန် ကလပ် အသင်း ရီးယဲလ် မက်ဒရစ်နဲ့ ပေါ်တူဂီ ကလပ် အသင်း ပေါ်တို တို့ကိုသာ ရှောင်လွှဲနိုင် ခဲ့မယ် ဆိုရင်တော့ ကွာတား ဖိုင်နယ် အဆင့် အထိ မျှော်လင့် ထား နိုင်ခဲ့ ပါပြီ။
(၁၅) ရှက်တာဒိုးနက်
ယူကရိန်း ကလပ် ရှက်တာဒိုးနက်မှာ ဥရောပ ထိပ်သီး အသင်းတွေ တောက်လျှောက် နောက်ယောင်ခံ လိုက်နေတဲ့ ထူးချွန်တဲ့ ကစားသမားပေါင်း များစွာ ပါဝင်နေ ပါတယ်။ ဒါကြောင့်လည်း အုပ်စု အဆင့်မှာ ဂျူဗင်တပ်စ်၊ ချယ်လ်ဆီး၊ နော်ဂျယ်လန်းတို့လို အသင်းတွေနဲ့ ကျရောက် ခဲ့ပေမယ့် လက်ရှိ ချန်ပီယံ ချယ်လ်ဆီး ကို နောက်ကောက် ချကာ ရှုံးထွက် အဆင့်ကို တက်လှမ်းနိုင် ခဲ့တာလို့ ပြောရ ပါမယ်။
ယခုလို ခြေစွမ်းမျိုးတွေကြောင့် ရှက်တာဒိုးနက် အသင်းဟာ မထင်မှတ်ပဲ အသင်းတိုင်းက သတိထားရမယ့် ဖျက်မြင်း အသင်း တစ်သင်း ဖြစ်လာနိုင် ပါတယ်။ အထူးသဖြင့် လျင်မြန် သွက်လက် လှတဲ့ သူတို့ရဲ့ တိုက်စစ် အင်အားဟာ အိမ်ကွင်း၊ အဝေး ကွင်းမရွေး အသင်း တိုင်းကို ဒုက္ခ ပေးနိုင်တယ်ဆိုတာ စတမ်းဖို့ ဘရစ်ခ်ျမှာ ချယ်လ်ဆီး အသင်းကို ခြေစွမ်း အသာစီးနဲ့ ကစားကာ ရှုံးနှိမ့်သွားတဲ့ ပွဲစဉ်က သက်သေခံလျက် ရှိနေ ပါတယ်။ သို့သော်လည်း ယူကရိန်း နိုင်ငံကို ဂုဏ်ဆောင်ပြီး ချန်ပီယံလိဂ် ဖလား သိမ်းယူဖို့ အထိကတော့ ရှက်တာဒိုးနက် အတွက် ကြီးမားလွန်းတဲ့ ရည်ရွယ်ချက် ဖြစ်နေဦးမှာ ပါပဲ။
(၁၆) ဗလင်စီယာ
ခန့်မှန်းရ အခက်ခဲဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ စပိန်ကလပ် ဗလင်စီယာဟာလည်း နောက်ဆုံး (၁၆)သင်း အဆင့်ကို ထိုက်ထိုက်တန်တန် ပါဝင်လာ ခဲ့တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ အုပ်စု ပွဲစဉ်များ မကုန်ဆုံးမီ တစ်ပွဲ အလိုမှာ ကတည်းက ရှုံးထွက် အဆင့်ကို တက်ရောက် ခဲ့ပေမယ့်လည်း ၄င်းတို့ရဲ့ နည်းပြ ဖြစ်တဲ့ ပယ်လီဂရီနို ကိုတော့ လာလီဂါ ရလဒ်ဆို များကြောင့် ထုတ်ပယ်ပစ် ခဲ့ပြီးပါပြီ။
ဒါကြောင့် ရှုံးထွက် အဆင့်ကို နည်းပြသစ်နဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် ဗလင်စီယာဟာ စပိန် ကလပ် အသင်း (၄)သင်းထဲမှာ အားအနည်းဆုံး ဖြစ်နေ သလို၊ ကွာတား ဖိုင်နယ် အဆင့်ကို တက်မြောက် ခဲ့ရင်ကို ထိုက်သင့် တဲ့ အောင်မြင်မှု ရရှိပါပြီလို့ သတ်မှတ် ရမလို ဖြစ်နေပါတယ်။ သို့သော်လည်း ဥရောပ ထိပ်သီး ဘေယန်မြူး နစ်ကို သရေ ကျအောင် ကစားပြနိုင် ခဲ့တဲ့ ၄င်းတို့ရဲ့ ခြေစွမ်းကြောင့် အဆိပ်ရှိတဲ့ ဖျက်မြင်း တစ်သင်း ဖြစ် လာနိုင်တယ်လို့ ထင်ကြေးပေးနေ သူများလည်း ရှိနေကြ ပြန်ပါတယ်။
Ref: goal

0 မှတ်ချက်များ for "ရှုံးထွက် အဆင့်သို့ တက်လှမ်းလာ သည့် ဥရောပ ချန်ပီယံလိဂ် (၁၆)သင်း"