သူနာပြုဆရာမများ ဆက်ဆံရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး သတိပေး

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်း များနှင့် ပတ်သက်၍ သမ္မတထံ တိုင်ကြားမှု နည်း သွားသော်လည်း သူနာပြုဆရာမများ၏ ဆက်ဆံရေးနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိနေဆဲပင်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြော ကြားသည်။ 

"ဆရာဝန်တွေနဲ့ ပတ်သက်တဲ့ တိုင်စာနည်းသွားတယ်။ ဒါပေမဲ့ ဆရာမကြီးတွေ တိုင်စာကတော့ အပေါက်ဆိုး တယ်ဆိုပြီး လာနေတုန်းပဲ" ဟု သူနာပြုတက္ကသိုလ် တွင် ပြုလုပ်ခဲ့သည့် ဂုဏ်ပြုပွဲတစ်ခု၌ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင်က သူနာပြုဆရာမ များအား ပြောကြားခဲ့သည်။

 ရှေးယခင်ကတည်းက သူနာပြုဆရာမများ၏ ဆက်ဆံရေး မပြေပြစ်မှုအား လူအများ ဝေဖန်ပြောဆိုမှုများ ရှိခဲ့ပြီး ယခု အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်သမ္မတထံ တိုင်ကြားမှုများပါ ရှိလာခြင်းဖြစ်သည်။ "ကျွန်မအဖေ ဆေးရုံတက်တုန်းက စစ်ဆေးမှုတွေ လုပ်တဲ့အခါ လူနာတစ်ယောက်တည်းကိုပဲ ၀င်ခိုင်းတယ်။

အဖေက နားမကောင်းတော့ ဘာတွေပြောပြီး ဘာတွေမှာလိုက်လဲမသိဘူး။ အဲဒီတော့ မသိလို့ သွားမေးရင် လည်း ပြောပြီးသားကို ဘာလို့ ထပ်လာမေးနေတာလဲဆိုပြီး အော် တယ်။ ဖြေရင်လည်း ကောင်းကောင်း မွန်မွန် မဟုတ်ဘူး။ တစ်ချိန်လုံး အော်ငေါက်နေတာ" ဟု လူနာရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

 "တချို့လူနာတွေကလည်း ဆူမှရတယ်ဆိုပေမယ့် ဒီခေတ်ဒီအခါမှာ ဆက်ဆံရေးကို အတတ်နိုင်ဆုံး
ပြေပြေပြစ်ပြစ် ဆောင်ရွက်ဖို့လိုပါတယ်။ စည်းကမ်းပိုင်းကို ခိုင်ခိုင်မာမာ လုပ်တယ်ဆိုပေမယ့် ပြောတဲ့ အခါမှာ ညင်ညင်သာသာပြောဖို့ အဲဒါကို ဆရာမကြီးတွေက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လက်ဆင့် ကမ်းပေးပါ" ဟု ဒေါက်တာဖေသက်ခင်က တိုက်တွန်းပြောကြားခဲ့သည်။ သူနာပြုဆရာမများအနေဖြင့် လူနာများဘက်မှ ရိုင်းရိုင်းပျပျ ဆက်ဆံမှုများကို ခေါင်းငုံ့ခံခဲ့ရသည်များလည်းရှိကြောင်း သူနာပြုဆရာမတစ်ဦးက

တုံ့ပြန်ပြောဆိုသည်။ "သူနာပြုတွေက အမြဲတမ်း ခံဘက်ကချည်းပဲ။ ဆရာဝန်တွေ မှားတဲ့အခါ သူနာပြုကို ပုံချပြီး အော်ငေါက်တာလည်း ခံရတာပဲ။ လူနာတွေဘက်ကလည်း တတ်နိုင်သလောက် လုပ်ပေးတာကို မမြင်ဘဲ

အသက်လုနေတဲ့ လူနာကို အာရုံစိုက်နေရလို့ ပိုသက်သာတဲ့သူကို ချက်ချင်းမကုပေးလို့ဆိုပြီး ရိုင်းရိုင်း စိုင်းစိုင်း အော်ဟောက်တာကိုလည်း ခံခဲ့ရတာတွေလည်း ရှိခဲ့တာပဲ" ဟု အဆိုပါ သူနာပြုကဆိုသည်။

0 မှတ်ချက်များ for "သူနာပြုဆရာမများ ဆက်ဆံရေးနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီး သတိပေး "

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++