ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အေစီမီလန် အိမ်ကွင်းတွင် မီလန်၂-၀ ဘာကာ

ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ် နောက်ဆုံးညအဖြစ် အေစီမီလန်နှင့် ဘာစီလိုနာ အသင်းတို့ ဆန်စီရိုကွင်းတွင် ကစားခဲ့ကြသည်။ ယနေ့ပွဲတွင်တော့ အိမ်ရှင် အေစီမီလန် အသင်းသည် အကောင်းဆုံး ခံစစ်ကို တည်ဆောက်ခဲ့ပြီး တန်ပြန် တိုက်စစ်များနှင့်အတူ ဘာစီလိုနာ အသင်းအား ဂိုးပြတ် အနိုင်ရယူနိုင်ခဲ့သည်။ အိမ်ရှင်အသင်းအတွက် ဂိုးများကို ဒုတိယကပိုင်း၌ သွင်းယူခဲ့ကြပြီး ဘိုတန်နှင့် မွန်တာရီမှ တစ်ဂိုးစီသွင်းယူပေးခဲ့ကြကာ ၂-၀ ရလဒ်ဖြင့် ဘာစီလိုနာကို အနိုင်ရရှိခဲ့သည်။

Boteng mexes
အိမ်ရှင် အေစီမီလန် အသင်း၌ တိုက်စစ်မှုး အယ်လ်ရှာရာဝီ ကို ပက်ဇစ်နီနှင့် တွဲကစားစေခဲ့ကာ ဘိုတန်၊ မွန်တာရီ၊ မွန်တိုလီဗို၊ အန်ဘရိုစီနီတို့နှင့် ပံ့ပိုးစေခဲ့သည်။ ဂိုးသမား အဘီယာတီကိုတော့ အဘာတီ၊ မက်ဆက်၊ ဇာပါတာ၊ ကွန်စတန့် တို့ဖြင့် ကာကွယ်စေသည်။ ဘာစီလိုနာတွင် တိုက်စစ်မှုး မက်ဆီ၊ ကို အင်နီယက်စတာ၊ ပီဒရိုတို့နှင့် တွဲပေးခဲ့ကာ ကွင်းလယ်တွင် ဘက်စကွက်၊ ဇာဗီ၊ ဖာဘရီဂတ်စ် တို့ကို ပွဲထွက်စေခဲ့သည်။ ခံစစ်တွင် ဂိုးသမား ဗဲလ်ဒက်စ်နှင့်အတူ အဲလ်ဗက်စ်၊ ပီကေး၊ ပူယိုးလ်၊ အယ်လ်ဘာ တို့ ပါဝင်ခဲ့သည်။

ယနေ့ပွဲတွင် ဘာစီလိုနာအသင်းက ကွင်းလယ်ကို အားပြု ကစားခဲ့ပြီး အိမ်ရှင် အသင်းမှာမူ တန်ပြန် တိုက် စစ်များဖြင့် ဂိုးရယူရန် ကြိုးစားခဲ့သည်ကို တွေ့ရသည်။ ပွဲအစပိုင်းတွင် နှစ်သင်းလုံး အပိုင် ဂိုးသွင်းခွင့် ရ ယူခြင်း မရှိခဲ့သော်လည်း  အိမ်ရှင်အသင်းက တန်ပြန် တိုက်စစ်ကို ပိုမို ထိရောက်စွာ ကစားနိုင်ခဲ့သည် ကို တွေ့ရသည်။ ပွဲချိန် (၁၅)မိနစ်တွင် အိမ်ရှင်အသင်းမှပင်  ဂိုးပေါက်ကို စတင်ခြိမ်းခြောက်ခဲ့ကာ ပွဲအရှိန် ကို မြှင့်တင်ခဲ့သည်။ တန်ပြန် တိုက်စစ်မှ တဆင့် လူငယ် တိုက်စစ်မှုး အယ်လ်ရှာရာဝီ ဂိုးသမားနှင့် တစ် ဦးခြင်း အပိုင်ပိတ်သွင်းရန် အခွင့်အရေး ရရှိခဲ့သော်လည်း ဘောလုံးထုတ် များသွားသဖြင့် အခွင့်ကောင်း တစ်ခု လက်လွှတ်ခဲ့ရသည်။ ယင်းမှတဆင့် ရရှိခဲ့သည့် ထောင့်ကန်ဘောကို အိမ်ရှင်အသင်း အကောင်းဆုံး အသုံးချခဲ့ပြန်ပြီး ဘိုတန် ဂိုးပေါက်နှင့် အနီးကပ် အပိုင် ပိတ်သွင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးမှ ကပ်ထွက် သွားခဲ့သဖြင့် ဧည့်သည်အသင်း သက်သာရာ ရခဲ့သည်။

article-2281195-1825E0CC000005DC-564_634x317

ထို့နောက်တွင် ဘာစီလိုနာ အသင်း ပွဲကို စတင်စိုးမိုး လာခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သည်။ သို့သော် လည်း ဂိုးဧရိယာတွင်း ထိုးဖောက်မှုပြုလုပ်နိုင်ခြင်း မရှိပဲ အဝေးကန်ချက် တစ်ချို့ဖြင့်သာ အိမ်ရှင် ဂိုးပေါက်ကို ခြိမ်းခြောက်ရန် ကြိုးစားနိုင်ခဲ့သည်။ မီလန် အသင်းမှာမူ ဧည့်သည် အသင်း၏ ဘောလုံးပိုင် ဆိုင်မှု အားပြု ကစားသည့် ကစားဟန်ကို အကောင်းဆုံး တုန့်ပြန်ရန် ခံစစ်ကို စနစ်တကျ တည်ဆောက် ခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာ အသင်း ပထမပိုင်းအတွင်း အပိုင် ဂိုးသွင်းခွင့် တစ်ကြိမ်မှ မရရှိခဲ့ပဲ ဂိုးသမား အဘီယာတီကို ဖိအားပေးနိုင်ခြင်း မရှိခဲ့ချေ။ အေစီမီလန် အသင်းတွင်လည်း အယ်လ်ရှာရာဝီနှင့် ပက်ဇီနီ နှစ် ဦး ကွင်းလယ်ကို ဆင်းကူနေခဲ့ရသည်က များခဲ့ပြီး တန်ပြန် တိုက်စစ်ဆင်ချိန်တိုင်း ပီကေး၊ ပူယိုးလ် တို့၏ အလွယ်တကူ ဖျက်ထုတ်တားဆီးခြင်း ကို ခံခဲ့ရသဖြင့် ပထမပိုင်းပြီးသည်အထိ ထိရောက်သည့် ကန်သွင်းချက်မျိုး မည်သည့်အသင်းကမျှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိချေ။

Pazzini boteng abate

ပွဲချိန် ဒုတိယပိုင်းတွင်လည်း နှစ်သင်းလုံး ကွင်းလယ်တွင်သာ ဘောလုံး ကိုင်ကစားခဲ့ကြပြီး တိုက်စစ်ဆင်မှု နည်းပါးခဲ့ကြသည်။ ဘောလုံးပိုင်ဆိုင်မှု သိသာစွာ အသာရခဲ့သည့် ဧည့်သည် အသင်းထက် တန်ပြန် တိုက်စစ်အချို့ဖန်တီးနိုင်ခဲ့သည့် အိမ်ရှင် မီလန် အသင်းကပင် ဂိုးဖန်တီးမှုများ ပိုမို ပြုလုပ်နိုင်ခဲ့သည်ကို လည်း တွေ့ခဲ့ရ သည်။ ပွဲချိန် (၅၇) မိနစ်တွင်တော့ အိမ်ရှင် မီလန် အသင်းက တန်ပြန် တိုက်စစ်ဆင်ရင်း အမှတ်မထင် ဦးဆောင်ဂိုး ရရှိခဲ့သည်။ ယင်းဂိုးကိုတော့ အလွတ်တည်ကန်ဘောမှ ရရှိခဲ့ခြင်း ဖြစ်ပြီး မွန်တိုလီဗို၏ ကန်ချက်မှ တဆင့် ရရှိလာသည့် အခွင့်အရေးကို ဘိုတန်က အပြင်းကန်သွင်းယူခဲ့ခြင်း ဖြစ် သည်။ သို့သော်လည်း ဘိုတန် မကန်သွင်းမီ မွန်တိုလီဗို၏ ကန်သွင်းချက် ဇာပါတာ၏ လက်နှင့် ထိခဲ့ သည်ဟု ဆိုကာ ဧည့်သည် အသင်းမှ ကန့်ကွက်ခဲ့ကာ အငြင်းပွားဖွယ်ရာ အခြေအနေမျိုး ဖြစ်ခဲ့သေး သည်။ ထို့နောက်တွင်တော့ ဘာစီလိုနာ အသင်းမှ ဖာဘရီဂတ်စ် အစား ဆန်းချက်စ် ကို ထည့်သွင်းခဲ့ကာ နည်းဗျူဟာ ပြောင်းလဲမှု ပြုလုပ်ခဲ့သည်။


သို့သော်လည်း အိမ်ရှင်အသင်း၏ ခံစစ် ကစားပုံကိုမူ ထိုးဖောက်ရန် အခက်တွေ့နေမှုကို မချေဖျက် နိုင်ခဲ့ချေ။ ပွဲချိန် (၆၉) မိနစ်တွင် မီလန် အသင်းကပင် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြန်ပြီး ဂိုးသွင်းယူရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ပက်ဇီနီ၏ နောက်ပြန်ကန်ချက်ကို ဗဲလ်ဒက်စ် အမိဖမ်းယူနိုင်ခဲ့သည်။ ပွဲချိန် (၇၅) မိနစ်တွင် အိမ်ရှင်အသင်းမှ ပက်ဇီနီအစား နီယန်ကို ထည့်သွင်းခဲ့ကာ တိုက်စစ်အပြောင်းအလဲ ပြု လုပ်ရန် ကြိုးစားခဲ့သည်။ ဆက်တိုက်ဆိုသလိုပင် ဘာစီလိုနာ အသင်း ဂိုးပေါက်ကို ခြိမ်းခြောက်မှု ပြုလုပ်နိုင် ခဲ့ပြီး အင်နီရက်စတာ က ဂိုးဧရိယာအပြင်ဖက်မှ ကန်သွင်းယူရန် ကြိုးစားခဲ့သည်။ 

သို့သော်လည်း ၎င်းစပိန်ကွင်းလယ်လူ၏ ကန်ချက် ဂိုးတိုင်ဘေးမှ ကပ်ထွက်သွား၍ ချေပဂိုး မဖြစ်ခဲ့ချေ။ ပွဲချိန် (၈၁)မိနစ်တွင် အိမ်ရှင် မီလန်အသင်း အနိုင်သေချာစေမည့် သွင်းဂိုးကို ရယူနိုင်ခဲ့ပြန်သည်။ ယင်းကိုလဲ တန်ပြန် တိုက်စစ်ကို ဦးဆောင်လာသည့် နီယန်နှင့် အယ်လ်ရှာရာဝီတို့၏ တွဲလုံးမှ တဆင့် ကွင်းလယ်လူ ဆူလေမွန်တာရီက ဂိုးပေါက်နှင့် အနီးကပ်အခြေအနေမှ မြေမကျ ပိတ်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ကျန်ရှိသည့် ပွဲချိန် နောက်ဆုံး မိနစ်များတွင်တော့ အိမ်ရှင်မီလန် အသင်း ခံစစ်တွင် စုပြုံပိတ်ဆို့၍ ၎င်းတို့၏ အနိုင်ရလဒ်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ခဲ့ကြသည်။

0 မှတ်ချက်များ for "ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အေစီမီလန် အိမ်ကွင်းတွင် မီလန်၂-၀ ဘာကာ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++