လွတ်မြောက် လာသူများထဲ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါ

မြန်မာအစိုးရက အကျဉ်းထောင်များရှိ အကျဉ်းသား ၄၅၂ ဦးကို ယနေ့ နေ့စွဲဖြင့်လွတ်ငြိမ်း သက်သာခွင့်
ပေးလိုက်သော်လည်း ပြန်လည်လွတ်မြောက်လာ သူများတွင် ယခု သတင်းရေးသားပြီးချိန်ထိ နိုင်ငံရေး အကျဉ်းသား တဦး တယောက်မျှ မပါဝင်သေး
ကြောင်း သတင်းရရှိသည်။

ယနေ့ နံနက်ပိုင်းမှ အင်းစိန် အကျဉ်းထောင်အပါ အ၀င် နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ အကျဉ်း သားလွတ်မြောက်မှု ကို စောင့်ကြည့်နေရာ နိုင်ငံရေးအကျဉ်းသား တဦးတယောက်မှ ပါဝင် လာခြင်းမရှိသေး ၍ စိတ်ပျက်စရာဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့၏
ပြန်ကြားရေးဌာနက ပြောသည်။

“ဒီနေ့အချိန်အခါဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်မှာ နိုင်ငံရေး အ ကျဉ်းသား ဆိုတာ မရှိသင့်တော့ဘူး။ ဒါကြောင့် ခုချိန်မှာ အရေးကြီးနေတဲ့ နိုင်ငံရေးအကျဉ်းသားကို ဦးစားပေးလွှတ်မပေးဘဲ ရာ ဇဝတ် ပြစ်မှုသမားတွေကိုပဲ လွှတ်ပေးလိုက်တာဟာ အားလုံးပါဝင်နိုင် တဲ့ နိုင် ငံရေးဖြစ်စဉ် ပြောင်းလဲမှု ဆိုတာအတွက် စိတ်ပျက်စရာဖြစ်သွားစေတယ်” ဟု ၈၈ မျိုးဆက် ပြန်ကြားရေး တာဝန်ခံ ကိုအံ့ဘွယ်ကျော်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်တန်းခေါင်းဆောင်တဦးလည်းဖြစ် လွှတ်တော်အမတ်တဦး လည်းဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ယခုကဲ့သို့ အကျဉ်းသားများ ပြန်လွှတ်ပေးလိုက်ခြင်းသည် အမေရိကန် သမ္မတ အိုအားမား၏ မြန်မာခရီးအကြို ကြိုတင်ပြင်ဆင်ခြင်းထက်မပိုကြောင်း  ပြောသည်။

“အကျဉ်းသားတွေကို သူတို့ လွှတ်ပေးချင်ရင် အချိန်မရွေးလွှတ်ပေးလို့ရတာပဲ။ ဒါပေမယ့် အကြောင်းရှိလို့ သာ သူတို့ အခုလွှတ်ပြတာ” ဟု သူက ဆိုသည်။

အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် သိသာ မြင်သာသည့် တိုးတက်ပြောင်းလဲမှု တခုခု မြင်တွေ့လိုကြရာ အထူးသဖြင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် လာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယခုထိ ကြားနေရသော သတင်းအချက်အလက်များအရ နိုင်ငံရေး အကျဉ်းသား မပါဝင်၍ စိတ်ပျက်မိကြောင်း
နိုင်ငံရေးအသိုင်းအဝိုင်းတွင် ပြောဆိုနေကြသည်။

မြန်မာအစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကြေညာချက် တစောင် ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရာ နိုင်ငံတော်  တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံ တော် တည်ဆောက်ရေးတွင် ပါဝင်နိုင်ရေး၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်း ကောင်း၊ ၂ နိုင်ငံ ချစ်ကြည်ရေးနှင့် နိုင်ငံချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးတို့ အတွက် အသက်ကြီးသူများ၊ ကျန်းမာရေး ချို့တဲ့သူများနှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း ၄၅၂ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာခဲ့သည်။

လွတ်မြောက်လာသော နိုင်ငံခြားသား အကျဉ်းသားများကို နယ်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်းလည်း ပါဝင်သည်။

0 မှတ်ချက်များ for "လွတ်မြောက် လာသူများထဲ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++