နိုင်ငံရေး အိုင်ဒီရော်လော်ဂျီများ (အပိုင်း – ၁)
ဆည်းပူးလေ့လာ၊ နိုင်ငံရေးပညာ
အခန်း (၃)
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီများ (အပိုင်း – ၁)
နိဒါန်း
အိုင်ဒီရော်လော်ဂျီဆိုတဲ့ စကားလုံးကို ၁၈ ရာစုနှောင်းပိုင်းမှာ ပြင်သစ်ပညာရှင် Antonie Destutt de Tracy က Eléments d’Idéologie ဆိုတဲ့ ပရောဂျက်မှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ De Tracy က အိုင်ဒီရော်လော်ဂျီ ဆိုတာ ကို အတွေးအခေါ်များ၏ သိပ္ပံ (science of ideas) အဖြစ် ညွှန်းဆိုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က
တော့ ဇီဝဗေဒ (ဘိုင် အိုလော်ဂျီ) ကဲ့သို့သော သိပ္ပံပညာရပ်တခုအဖြစ် အိုင်ဒီရော်လော်ဂျီဆိုတဲ့ သိပ္ပံပညာ ရပ် ပေါ်ထွက်လာစေရန်ဖြစ်ပါတယ်။
သို့ပေမယ့် ၁၉ ရာစု ကာလရောက်တော့ နိုင်ငံရေးဆိုင်ရာ စကားလုံးတရပ်အဖြစ် အသွင်ကူးပြောင်းသွားခဲ့ ပါတယ်။ ၁၈၄၆ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The German Ideology ဆိုတဲ့ စာအုပ်မှာ မာ့စ်နဲ့ အိန်ဂယ်လ် တို့က အိုင်ဒီရော်လော်ဂျီရဲ့ သဘောတရားများကို စတင်ဖော်ပြခဲ့ပါတယ်။ အရင်းရှင်တွေရဲ့ bourgeois ideology ဟာ သွေးစုပ်ခြယ်လှယ်ခံရသူတွေ အကြားမှာ delusion (သို့မဟုတ်) false consciousness ဖြစ်ပွားစေပြီး၊ သွေး စုပ်ခြယ်လှယ်နေမှုကို သတိမထားမိစေရန် ဖုံးကွယ်ထားကြောင်း မာ့စ်ဝါဒက ဖော်ပြထားပါတယ်။
အိုင်ဒီရော်လောဂျီဆိုတဲ့ စကားလုံးကို လစ်ဘရယ်ဝါဒီများကလဲ အသုံးပြုထားကြပါတယ်။ Karl Popper, J. Talmon နဲ့ Hannah Arendt ဆိုသူတို့က အိုင်ဒီရော်လော်ဂျီဆိုတာကို နာခံမှုနဲ့ လိုက်နာဆောင်ရွက်မှုတွေပြု လုပ်ရန် ဖန်တီးထားတဲ့ လူမှုထိန်းချုပ်ရေး ကိရိယာတခုအနေနဲ့ ရှုမြင်သုံးသပ် ကြပါတယ်။ Michael Oakeshott စတဲ့ ကွန်ဆာဗေးတစ်ဝါဒီများ ကတော့ အိုင်ဒီရော်လော်ဂျီတွေဟာ စိတ်ကူးယဉ်အတွေးအခေါ်စ နစ်တွေဖြစ်ပြီး၊ political reality နဲ့ ကင်းကွာကြောင်း ယူဆထားကြပြီး၊ ကွန်ဆာဗေးတစ်ဝါဒကို အိုင်ဒီရော်
လော်ဂျီအဖြစ် မရှုမြင်ပဲ disposition အနေနဲ့ ရှုမြင်ဖို့ လိုအပ်ကြောင်း ဆိုထားကြပါတယ်။
ဒါကြောင့် အိုင်ဒီရော်လော်ဂျီနဲ့ ပတ်သက်ပြီး၊ ၀ါဒအမျိုးမျိုးကနေ ရှုမြင်ပုံတွေ ကွဲပြားပါတယ်။ မာ့စ်က သူ့ရဲ့
အတွေးအခေါ် တွေဟာ သိပ္ပံနည်းကျဖြစ်ပြီး၊ အိုင်ဒီရော်လော်ဂျီမဟုတ်ကြောင်း ဆိုထားပါတယ်။
လစ်ဘရယ်ဝါဒီတွေက လစ်ဘရယ်ဝါဒ (liberalism) ကို အိုင်ဒီရော်လော်ဂျီအနေနဲ့ ရှုမြင်နိုင်ကြောင်း ဆိုကြ ပါတယ်။ ကွန်ဆာဗေးတစ်ဝါဒီတွေက ကွန်ဆာဗေး တစ် ၀ါဒ (conservatism) ကို ideological style of politics မဟုတ်ပဲ၊ ဓလေ့ထုံးစံနဲ့ သမိုင်းအစဉ်အလာတွေပေါ်မှာ အခြေခံထားတဲ့ pragmatic style of politics အနေနဲ့ ရှုမြင်ဖို့ ဆိုထားခဲ့ပါတယ်။
လူမှုသိပ္ပံပညာရပ်ကတော့ အိုင်ဒီရော်လော်ဂျီဆိုတာကို နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နိုင်တဲ့ coherent set of ideas အနေနဲ့ ရှုမြင်ထားပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုဆိုရာမှာ လက်ရှိတည်ရှိနေတဲ့ စနစ်ကို ထိန်း သိမ်းမှု၊ ပြင်ဆင်မှု၊ ဖယ် ရှားမှုဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်ပါတယ်။ ခေတ်သစ် လူမှုသိပ္ပံပညာအရ အိုင်ဒီရော်လော်ဂျီကို နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်နိုင်သည့် အတွေးအခေါ်များ စုစည်းထားသော လှုပ်ရှားမှုဦးတည်သော ယုံကြည်မှုစနစ် (action-oriented belief system) အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထား ပါတယ်။
နိုင်ငံရေးပညာရှင် Seliger ဆိုသူက အိုင်ဒီရော်လော်ဂျီအားလုံးမှာ existing order ကို ကမ္ဘာ့ရှုထောင့်ကနေ ရှုမြင်သုံးသပ်မှု၊ အနာဂတ်ကမ္ဘာမှာ အသုံးပြုသင့်တဲ့ နိုင်ငံရေးသဏ္ဌာန်၊ ကောင်း မွန်သော လူ့အဖွဲ့အစည်း တည်ဆောက်မှုဆိုင်ရာအမြင်များနဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုကို မည်သို့မည်ပုံ လုပ်ဆောင် သင့်ကြောင်း အကြံပြုချက်တွေ ပါဝင်ကြောင်း ဆိုထားပါတယ်။
နိုင်ငံရေးပညာရှင် Matthew Festenstein နဲ့ Michael Kenny ဆိုသူတို့က နိုင်ငံရေးအိုင်ဒီရော်လော်ဂျီဆိုတာ ဒီမိုကရေစီ၊ နိုင်ငံတော်၊ သဘာဝ၊ ယဉ်ကျေးမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု စတဲ့နိုင်ငံရေးသဘောတရား (political concept) တွေကို ရှုထောင့်တခုချင်းစီကနေ interpret လုပ်ထားတဲ့ framework ဖြစ်ကြောင်း ရေး သားခဲ့ပါတယ်။
ဥပမာအားဖြင့် ဒီမိုကရေစီ ဆိုတဲ့ သဘောတရားမှာ အလုပ်သမားများက ကြီးစိုးထားတဲ့ ပြည်သူ့ဒီမိုကရေစီ (people’s democracy)၊ nation က ကြီးစိုးထားတဲ့ national democracy ၊ လူမှုအစုအဖွဲ့များက နိုင်ငံရေး ရာဆုံးဖြတ်ချက်များမှာ ပါဝင်ပြောဆိုပိုင်ခွင့်ရှိတဲ့ pluralist democracy ၊ လူအများပါဝင်မှုကို ကန့်သတ်ထားတဲ့ elitist democracy နဲ့ ကိုယ်စားပြုဒီမိုကရေစီ စပြီး အမျိုး အစားများစွာ ရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး Communism ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီက ပြည်သူ့ဒီမိုကရေစီကို interpret လုပ် ထားပြီး၊ Liberalism ဆိုတဲ့ နိုင်ငံရေးအိုင်ဒီရော်လော်ဂျီကတော့ ကိုယ်စားပြုဒီမိုကရေစီကို interpret လုပ် ထားပါတယ်။
နိုင်ငံရေးအိုင်ဒီရော်လော်ဂျီ အမျိုးအစားများကို ပညာရှင်များက ခွဲခြားဖော်ပြကြရာမှာ ကွန်မြူနစ်ဝါဒ၊ ဆို ရှယ်လစ်ဝါဒ၊ လစ်ဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ်ဝါဒ၊ ဖက်ဆစ်ဝါဒ စတာတွေပါဝင်တဲ့ linear spectrum၊ ဆိုရှယ်ဒီမိုကရေစီ၊ လက်ျာ သစ်၊ လက်ဝဲသစ်နဲ့ မင်းမဲ့အရင်းရှင်ဝါဒ စတာတွေ ပါဝင်တဲ့ alternative spectrum၊ အမျိုးသားကွန်မြူနစ်ဝါဒ၊ နိုင်ငံတ ကာ ကွန်မြူနစ်ဝါဒ၊ အမျိုးသားဆိုရှယ်လစ်ဝါဒ၊ နိုင်ငံတကာဆိုရှယ် လစ်ဝါ ဒ၊ လူမှုဒီမိုကရက်တစ်ဝါဒ၊ လူမှုရီပတ်ပလီကန် ၀ါဒ၊ အရင်းရှင်ဒီမိုကရက်တစ် ၀ါဒ၊ အရင်းရှင်ရီပတ်ပလီကန် ၀ါဒ၊ တိုးတက်သောနီရိုလီဘရယ်ဝါဒ၊ ကွန်ဆာဗေးတစ် နီရို လစ်ဘရယ်ဝါဒ၊ နီရိုလစ်ဘရယ်ဝါဒ၊ အမျိုး သားရေးဝါဒ၊ Fundamentalism စတာတွေ ပါဝင်တဲ့ Moral Matrix စသဖြင့် သဏ္ဌာန်အမျိုးမျိုး ကွဲပြားပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး
(၁၊ ၁၁၊ ၂၀၁၂)

0 မှတ်ချက်များ for "နိုင်ငံရေး အိုင်ဒီရော်လော်ဂျီများ (အပိုင်း – ၁)"