နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း – ၄)

ဆည်းပူးလေ့လာ နိုင်ငံရေးပညာ အခန်း (၂)
နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း – ၄)

နိုင်ငံတော်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း
ဂလိုဘယ်လိုင်ဇေးရှင်းဖြစ်စဉ် စတင်လာချိန်မှာ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ နိုင်ငံတော်အပေါ် သက်ရောက် မှုတွေနဲ့ ပတ် သက်ပြီး သီအိုရီတွေ ပေါ်ထွက်လာပါတယ်။ဂလိုဘယ်လိုင်ဇေးရှင်းဟာ တိုင်းပြည်တွေ ရဲ့
နိုင်ငံရေးလုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ထိန်းချုပ်မှုတွေ ရှိလာတယ်လို့ အချို့က ယူဆကြပါတယ်။ 

စီးပွားရေးရာ ဂလိုဘယ်လိုင်ဇေးရှင်း (economic globalization) ဟာ လှုပ်ရှားသွားလာနေတဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို နိုင်ငံငယ်တွေရဲ့ နိုင်ငံရေးအာဏာရှိသူ တွေရဲ့ upper hand ကို ပို့ဆောင်ပေး လိုက် တယ်လို့လဲ ယူဆချက်တွေ ပေါ်ထွက်လာပါတယ်။
(၁) Hyperglobalization thesis
Hyperglobalization thesis ရဲ့ အခြေခံသဘောတရားကတော့ အရင်းအနှီးများ ရွေ့လျားမှု (mobility of capital) ပဲ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးမှာ ပြည်ပကုန်သွယ်ရေးမရှိတဲ့ closed national economies တွေမှာ အရင်းအနှီး တွေက ပြည်ပကို ရွေ့လျားမှုမရှိပါဘူး။ ပြည်တွင်းမှာပဲ ရွေ့လျားစီးဆင်းနေပါတယ်။ ထွက်ပေါက် မရှိပါဘူး။ အစိုးရတွေ ကနေ အခွန်နှုန်းမြင့်မားစွာ ကောက်ခံလို့ရပါတယ်။ open economy တွေမှာကျတော့ အရင်းအနှီးတွေက တိုင်းပြည်ရဲ့ ပြင်ပကို စရိတ်အနည်းဆုံးနဲ့ စီးဆင်းသွားနိုင်ပါတယ်။

တိုင်းပြည်တွေရဲ့ ကွဲပြားခြားနားတဲ့ အခွန်ကောက်ခံမှု စနစ်တွေကို ကစားပြီး ရင်းနှီးမြှုပ်နှံမှုကနေတဆင့် အမြင့်ဆုံး rate of return ရှိလာအောင် လုပ်ယူလို့ ရလာပါတယ်။ အခွန်ကောက်ခံမှုနှုန်းများတဲ့ နိုင်ငံတွေ ကနေ နည်းပါးတဲ့ နိုင်ငံတွေကို ရွှေ့ပြောင်းလို့ ရပါတယ်။ ထိန်းချုပ်မှုများတဲ့ အလုပ်သမားဈေးကွက်ကနေ ထိန်းချုပ်မှုနည်းတဲ့ ဈေးကွက်ကို ရွှေ့ပြောင်း လို့ရလာပါတယ်။ ဒီလို အရင်းအနှီးတွေကို ရွေ့လျားနေခြင်း
ကြောင့် ဆုံးရှုံးနစ်နာမှုကလဲ နည်းပါးပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုတ်သိမ်းခြင်း (disinvestment) ရဲ့ costs ကလဲ သုညနီးနီးဖြစ်ပါတယ်။

ဒီအခါမှာ တိုင်းပြည်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံတွေဖြစ်အောင် ပြိုင်ဆိုင်ကြရပါ တယ်။ တ ဖြည်းဖြည်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (foreign direct investment) (FDI) အပေါ်မှာ နိုင်ငံတော်က မှီခိုလာရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အခြားနိုင်ငံကို ရွှေ့ပြောင်း မသွားအောင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို ဖန်တီးပေး လာရပါတယ်။ Neo-Darwinian survival of the fittest သဘောတရား အရ နိုင်ငံတော်ဟာ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင် မှုတွေ၊ တင်းကြပ်မှုမရှိတဲ့ အလုပ်သမားဈေးကွက်တွေ နဲ့ ပျော့ပျောင်းညင်သာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေတွေကို ဖန် တီးပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ တည်တံ့ခိုင် မာလာအောင် လုပ်ဆောင်လာရပါတယ်။ ဒီအခါမှာ နိုင်ငံတော်ရဲ့ တာဝန်ဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်ဖို့ မဟုတ်တော့ပဲ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ် သွားပါတယ်။

(၂) Dual Convergence thesis
Hyperglobalization thesis က ရိုးရှင်းတဲ့ convergence ကိုသာ ဖော်ပြထားပါတယ်။ နိုင်ငံတိုင်းရဲ့ စီးပွားရေး အ ဆောက်အအုံတွေဟာ ဂလိုဘယ်လိုင်ဇေးရှင်းကြောင့် ပေါ်ပေါက်လာတဲ့ ဘုံဖိအားတွေကို ကြုံတွေ့ကြ ရပြီး၊ နိုင်ငံတော် အနေနဲ့ အမှီအခိုကင်းတဲ့ mediating role မရှိပါဘူး။ ဒါကြောင့် convergence ဟာ ပြီးပြည့်စုံနဲ့ သတင်းအချက်၊ ဆီ လျော်မှုရှိတဲ့ လှုပ်ရှားမှုနဲ့ Darwinian competition တို့ တည်ရှိတယ်လို့ assumption ထားပါတယ်။ institutions တွေ ကို ထည့်သွင်းစဉ်းစားခြင်း မပြုပါဘူး။ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ လစ်ဘရယ်စီးပွားရေး အဆောက်အအုံ တွေကို ကိုယ်စားပြုပါတယ်။

Dual Convergence thesis ကတော့ ဂလိုဘယ်လိုင်ဇေးရှင်းကို နိုင်ငံတော်က တုန့်ပြန်ရာမှာ mediating role အဖြစ် ပါဝင်တဲ့ institutions တွေကို ထည့်သွင်းစဉ်းစားထားပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်းက ဘုံဖိအားတွေ ကို ပေါ်ထွက်လာ စေချိန်မှာ ဒါတွေကို အင်စတီကျူးရှင်းတွေက refracted လုပ်ပြီး၊ dual convergence ဖြစ် ပွားစေတယ်လို့ ယူဆပြီး၊ ဆွီဒင်နဲ့ နယ်သာလန်နိုင်ငံ စတဲ့ Coordinated Market Economies တွေမှာ ဖြစ် ပွားလေ့ရှိတယ်လို့ ဆိုထားပါတယ်။ ဂလိုဘယ် လိုင်ဇေးရှင်းက အင်စတီကျူရှင်းတွေကို ပေးလေ့ရှိတဲ့ ဖိ အားတွေကတော့ ဘတ်ဂျက်စီမံခန့်ခွဲမှု၊ အလုပ်သမား ဈေးကွက်နဲ့ ငွေကြေးဖောင်းပွမှုဆိုင်ရာ ဖိအားတွေ ပဲ ဖြစ်ပါတယ်။

(၃) ကမ္ဘာ့ရေးရာပြဿနာများနှင့် နိုင်ငံတော်စွမ်းပကား
Hyperglobalization thesis နဲ့ Dual Convergence thesis တွေဟာ convergence ကိုသာ principal actor အဖြစ် သတ်မှတ်ထားတယ်လို့ ငြင်းဆိုချက်များ ထွက်လာပြီး၊ စီးပွားရေးရာ ဂလိုဘယ်လိုင်ဇေးရှင်း ကိုသာ လက် ရှိနိုင်ငံတွေ ရင် ဆိုင်နေရတဲ့ နိုင်ငံတော်ရဲ့ စွမ်းပကားနဲ့ အချုပ်အခြာအာဏာဆိုင်ရာ အခန်းကဏ္ဍ လျော့ ကျလာခြင်းရဲ့ key determinant အဖြစ် သတ်မှတ်ချက်တွေ ပေါ်ထွက်လာပါတယ်။ 

ဂလိုဘယ်လိုင်ဇေးရှင်းကနေ ပေါ်ထွက်လာတဲ့ ကမ္ဘာ့ ရေးရာ ပြဿနာတွေ ကို နိုင်ငံတော်ဆိုတဲ့ နိုင်ငံရေး ယူနစ်တခုတည်းနဲ့ ဖြေရှင်းနိုင်ဖို့ စွမ်းပကားတွေ လျော့ကျလာကြောင်း ထောက်ပြ ပြောဆိုချက်တွေ ရှိလာပါတယ်။ ဒီလို ထောက်ပြချက်တွေထဲမှာ ထင်ရှားတာကတော့ tragedy of the commons ပဲ ဖြစ်ပါတယ်။

ပထမဦးဆုံး ထောက်ပြတာကတော့ Garrett Hardin ဆိုသူဖြစ်ပြီး၊ တိုင်းပြည်တွေနဲ့ စီးပွားရေးကော်ပိုရေး ရှင်းတွေ အနေ နဲ့ unilateral environmental action တွေကို တာဝန်မယူပဲ၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် environmental degradation ပြဿနာကို ရင်ဆိုင်ရမှာဖြစ်ကြောင်း (၁၉၆၈) ခုနှစ်မှာ ရေးသားတင်ပြခဲ့ဖူးပါ တယ်။ 

ဒါကို ကာကွယ်ဖို့အ တွက် နိုင်ငံတွေက လိုက်နာရမယ့် စည်းမျဉ်းတွေကို ဖော်ဆောင်ပေးမယ့် နိုင်ငံတ ကာ အေဂျင်စီ တခုလိုအပ်ပါတယ်။

နိုင်ငံတော်ဆိုတဲ့ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ ဒီလိုနိုင်ငံတကာ အေဂျင်စီက ချမှတ်လိုက်တဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့က နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချလိုက်ရသလို ဖြစ်နေပါတယ်။ သို့ပေမယ့် ဂလိုဘယ်လိုင်ဇေးရှင်းက မြှင့်တင်ပေးလိုက်တဲ့ ဒီလိုကမ္ဘာ့ရေးရာ ပြဿနာတွေကို နိုင်ငံတော် စွမ်းပကား တခုတည်းနဲ့ကလဲ ဖြေရှင်းလို့ မရနိုင်ဘူး ဖြစ်လာပါတယ်။ ကမ္ဘာ့ပြဿနာတွေကို မဖြေရှင်းနိုင်တဲ့အခါ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးရာတွေမှာ catastrophe ဖြစ်လာပါတော့တယ်။

(၄) New medievalism
New medievalism ဆိုတဲ့ သဘောတရားကို Hedley Bull ဆိုသူက The Anarchical Society ဆိုတဲ့ စာအုပ် ထဲမှာ ရေး သားဖော်ပြခဲ့ပါတယ်။ globalised world ဖြစ်လာတာနဲ့အမျှ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ က လျော့နည်းလာပြီး၊ နိုင်ငံတကာစနစ်ဟာ နိုင်ငံရေးလုပ်ပိုင်ခွင့် အာဏာတွေကို ဘာသာရေးအဖွဲ့ အစည်းတွေ၊ အင်ပါယာတွေ၊ မြို့ပြနိုင်ငံတွေ စတဲ့ non-territorial and overlapping agents တွေက ကျင့်သုံးတဲ့ medieval ပုံစံနဲ့ ဆင်တူလာကြောင်း New medievalism က ဖော်ပြထားပါတယ်။

New medievalism သဘောတရားရဲ့ ဥပမာတွေကတော့ အီးယူ၊ အာဆီယံစတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်း များရဲ့ အင် အားကြီးမားလာမှုနဲ့ စကော့တလန်၊ Catalonia စတဲ့ sub-national governments တွေ ပေါ်ထွက် လာခြင်းပဲ ဖြစ်ပါ တယ်။ ကြေးစားစစ်တပ်ကုမ္ပဏီများ၊ နိုင်ငံတကာ ကော်ပိုရေးရှင်းများနဲ့ ကမ္ဘာ့ဘာသာရေး လှုပ်ရှားမှုများ ပေါ်ထွက်လာ ခြင်းဟာလဲ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို လျော့ကျလာစေပါတယ်။

New medievalists တွေက ဂလိုဘယ်လိုင်ဇေးရှင်းဖြစ်စဉ်ဟာ ကမ္ဘာ့အုပ်စိုးမှုစနစ် (global governance) ကို ပေါ် ထွက် လာစေတယ်လို့ ဆိုကြပါတယ်။ နိုင်ငံအချင်းချင်း မဟာမိတ်ပြုထားတဲ့ အဖွဲ့အစည်း (ဥပမာ- ဥရောပသမဂ္ဂ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ စသည်များ) တွေ ကမ္ဘာ့ပြဿနာရပ်များကို ပူးပေါင်းဖြေရှင်းရာ က ပေါ်ထွက်လာတဲ့ ပရိုက်ဗိတ် ပါဝါက နိုင်ငံတော်ပါဝါထက် ပိုပြီး အင်အားကြီးမား လာကြောင်း ထောက်ပြ
ပြောဆိုကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)
ခင်မမမျိုး
(၂၂၊ ၁၀၊ ၂၀၁၂)

0 မှတ်ချက်များ for "နိုင်ငံတော် (The State) ဆိုရာဝယ် (အပိုင်း – ၄)"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++