ဇူလိုင် ၇ လစ်ဗျား ရွေးကောက်ပွဲမတိုင်မီ ဖက်ဒရယ်မူကိစ္စ သဘောကွဲလွဲ ဆန္ဒပြမှုများဖြစ်ပွား

ကဒါဖီခေတ်လွန်လစ်ဗျားတွင်  ဇူလိုင်လ ၇ ရက် ရွေး
 ကောက်ပွဲများ မတိုင်မီ ရက်ပိုင်းအလိုတွင် ဖက်ဒ ရယ်မူကိစ္စ သဘောကွဲလွဲမှုကြောင့် သဘောကွဲလွဲ သည့်အုပ်စုများ အပြန် အလှန်ဆန္ဒပြမှု များ ဖြစ်ပေါ်
 နေခဲ့ သည်။

ဇူလိုင်လ ၁ ရက်နေ့က  ဖက်ဒရယ်မူ လိုလားသည့် ကန့်ကွက်ဆန္ဒပြသူများက တော်လှန်ရေး စတင်ရာ
နိုင်ငံအရှေ့ပိုင်းမြို့ ဘင်ဂါဇီရှိ ရွေးကောက်ပွဲ ကော် မရှင်ရုံးကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ကွန်ပျူတာများကို ယူဆောင် သွားခြင်းများ ပြုလုပ်ခဲ့သည်ဟု လစ်ဗျားအာရပ်သတင်းအေဂျင်စီ (လာနာ)က ဖော်ပြခဲ့သည်။ 

ဝင်ရောက် တိုက်ခိုက်စဉ်တွင် ၀န်ထမ်းများမှာ ရုံးတွင်မရှိတော့သောကြောင့် တစ်ဦးတစ်ယောက်မျှ ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ဟု ဘင်ဂါဇီ ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ အီမက်အယ်လ် ဆာယာက ပြောကြား ခဲ့သည်။ 

ယင်းအဆောက်အအုံမှာ လုံခြုံရေးတင်းကျပ်စွာ ချထားခြင်း မရှိသည့်နေရာ ဖြစ်သည်။ မဲစာရွက်များမှာမူ ပျက်စီးခြင်းမရှိခဲ့ဟု ဆာယာက ဆိုသည်။

ဇူလိုင်လ ၂ ရက်နေ့တွင်မူ ဖက်ဒရယ်မူ လိုလားသူများကို ပြန်လှန်ဆန့်ကျင်သည့် ဆန္ဒပြမှုတစ်ခု ဘင်ဂါဇီ တွင်ပင် ထပ်မံဖြစ်ပွားခဲ့ပြီး ယခုဆန္ဒပြမှုမှာမူ လူအင်အား ပိုမိုများပြားကာ ထောင်ပေါင်းများစွာ ပါဝင် ခဲ့ကြောင်း လာနာသတင်းဌာန ကထုတ်ပြန်သည်။ 

ယင်းဆန္ဒပြသူများက ယခုအပတ် ရွေးကောက်ပွဲ မပြီးမချင်း ဘင်ဂါဇီ လွတ်မြောက်ရေးရင်ပြင်တွင် နေထိုင် သွားမည်ဖြစ်ကာ ဆယ်စုနှစ်လေးခု စောင့်ဆိုင်းခဲ့ရသည့် ရွေးကောက်ပွဲကို မည်သူမျှ မနှောင့်ယှက်စေရေး ကာကွယ်ပေးမည်ဟု ကြွေးကြော်ခဲ့ကြသည်။

အုပ်ချုပ်မှုနယ်ပယ်တွင် နိုင်ငံအရှေ့ပိုင်းသားများ၏ ကိုယ်စားပြု ခွင့်နည်းပါးခြင်းနှင့် နိုင်ငံအနောက် ပိုင်းထရီ ပိုလီတွင် အခြေစိုက်သော ကဒါဖီလက်ထက်၌ လျစ်လျူရှုခံခဲ့ရ ခြင်းတို့မှာ အရှေ့ပိုင်း သားများအတွက် အဓိကမကျေနပ်စရာ အကြောင်းချက်အဖြစ် ရှိနေခဲ့သည်။ ဘင်ဂါဇီ မှစတင်သော တော်လှန်ရေး အင်အားစု များက ကဒါဖီကို ဖြုတ်ချခဲ့ပြီး နောက်အများစုမှာ ထရီပိုလီနှင့် ပတ်သက်သည့် မကျေနပ်ချက်တို့အပေါ် အာ ရုံစိုက်လာခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်သည်။

ဇူလိုင်လ ၇ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲမှာ လက်ရှိအုပ်ချုပ်နေသော အမျိုးသား အသွင် ကူးပြောင်းရေးကောင်စီနေရာတွင် အစားထိုးမည့် အမျိုးသားကွန်ဂရက်ကို ရွေးချယ်ရမည်ဖြစ်သည်။ 

တိုင်းပြည်ပြု လွှတ်တော်သဘောဆောင်သည့် အမျိုးသားကွန်ဂရက်တွင် အမတ် ၂၀၀ ပါဝင်မည်ဖြစ်ပြီး ကွန် ဂရက်သည် အသွင်ကူးပြောင်းရေး အစိုးရသစ်ကို ရွေးချယ်ရေးနှင့် လူထုဆန္ဒခံယူရမည့် အခြေခံဥပဒေ ရေး ဆွဲရေးတို့ကို တာဝန်ယူရမည်ဖြစ်သည်။

အမျိုးသားကွန်ဂရက်နေရာအတွက် ခွဲဝေမှုမှာ အနောက်ဘက် ထရီပိုလီ တာနီးယားဒေသက အမတ် ၁၀၀၊ အရှေ့ဘက် ဆိုင်ရန်နီးယား ဒေသက အမတ် ၆၀၊ တောင်ဘက် ဖီဇန်ဒေသက အမတ် ၄၀ ဖြစ်သည်။ 

သို့ဖြစ်ရာ တော်လှန်ရေးကိုစတင်ခဲ့သော အရှေ့ပိုင်းသားများက အမတ် နေရာ နည်းပါးမှုကို မကျေမနပ်မှု
ဖြစ်နေခဲ့သည်။ ယင်းမှတစ်ဆင့် အချို့က ဗဟိုချုပ်ကိုင်မှု အလွန်နည်းပါးသည့် ဖက်ဒရယ်ပုံစံမျိုးပေးရန် အထိ တောင်းဆိုမှုများ ရှိလာခဲ့သည်။

ပြီးခဲ့သည့် မတ်လကလည်း အရှေ့ပိုင်းမှ ဒေသငယ်အချို့တွင် ဖက်ဒရယ်မူ ရရှိရေး လှုပ်ရှားမှုများ ဖြစ်ပေါ် ခဲ့ပြီး ကိုယ်ပိုင်ဖက်ဒရယ်ဒေသအဖြစ် တစ်ဖက်သတ်ကြေညာမှုများပင် ရှိခဲ့သည်။

လက်ရှိအသွင်ကူးပြောင်းရေး ကောင်စီ၏ ဥက္ကဋ္ဌ မူစတာဖာ အဘ်ဒယ်လ်ဂျာလီလီက အရှေ့ပိုင်းနှင့် ညှိရန် ကိုယ်စားလှယ်များ လွှတ်ထားပြီဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ပြောကြားထားသည်။ ကောင်စီ၏ ညှိနှိုင်း မှုဖြင့် ဖြစ်လာနိုင်သည့် အခြေအနေမှာ အခြေခံဥပဒေရေးသည့် အဖွဲ့တွင် အရှေ့၊ အနောက်၊ တောင် ညီတူ ညီမျှ လူ ၂၀ စီပါဝင်ပြီး ဖွဲ့စည်းရေးဖြစ်သည်ဟု ကောင်စီဝင်အချို့က ပြောကြားထားသည်။

0 မှတ်ချက်များ for "ဇူလိုင် ၇ လစ်ဗျား ရွေးကောက်ပွဲမတိုင်မီ ဖက်ဒရယ်မူကိစ္စ သဘောကွဲလွဲ ဆန္ဒပြမှုများဖြစ်ပွား"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++