လောက လမ်းကြောင်းပေါ်က အဟောင်းနဲ့ အသစ်
ဖွံ့ဖြိုးခြင်း၊ တိုးတက်ခြင်းတို့သည် ပုံသဏ္ဌာန်အသစ်တစ်ခုကို ညွှန်းဆိုခြင်း
ဖြစ်ပါ၏။ ဖွံ့ဖြိုးလာသည် ဆိုသည်နှင့် ယခင်နှင့်မတူ ကွဲပြားသွား
ခြင်းဆိုသည့် အဓိပ္ပါယ်ပင်။ တိုးတက်ခြင်းသည်လည်း ထို့အတူပင်။
ကွဲပြားသွားခြင်း၏ အခြေခံအကြောင်းမှာ အဟောင်း မဟုတ်၊
အသစ်ဖြစ်လာခြင်းဖြစ်ပါ၏။ လူတို့၏ သဘာဝမှာ တွယ်တာသည်။ သံယောဇဉ်ဖြစ်တတ်သည်။
မိမိတို့ နှင့် ရင်းနှီးပြီး သားအရာမှန်သမျှ ဆုံးရှုံးသွားမည်ကိုမလိုလား။
တစ်ချိန်တည်း၌ အသစ် အသစ်သော အရာ၊ ခံစားမှုများကိုလည်း လိုလားသည်။
ထိုလိုလားမှု၊ ဆန္ဒနှစ်ခုကြား၌ လူတို့သည် တွေဝေလေ့ရှိ၏။ ထိုစိတ်ဝေဒနာသည် အသေး အဖွဲမှ အလွန်ကြီး မားသည့် ပြဿနာ အထိဖြစ်ပွားတတ်သည်။ အသစ်ကိုလည်း လိုလားသည်။ အဟောင်းကိုလည်း တွယ် တာသည်။ အသစ်သည် ဖွံ့ဖြိုးမှု၊ တိုးတက်မှု။ အဟောင်းဆိုသည်က အဓိပ္ပါယ်မဲ့ နှစ်သက် နေမှု၊ ခိုင်လုံသော အကြောင်း ဆင်ခြေမရှိ။ သို့သော် လူ့သဘာဝသည် အသစ်နှင့် အဟောင်းဆိုသည့် ဆန့်ကျင်ဘက်နှစ်ခုလုံးကို သိမ်းပိုက်ယူငင်ရန် ကြိုးစား တတ်သည်။ ပြဿနာကြီးကို ဝယ်ယူခြင်းပင်။ ပဋိပက္ခ အသွင်ဆောင်သော အရာနှစ်ခုသည် လက္ခဏာအရည်အသွေးမှ အစ ဆန့်ကျင်မှုများရှိသည်။ အသစ်ကို ကိုင်လိုက်သည်နှင့် အဟောင်းကဆန့်ကျင်သည်။ အဟောင်းကိုင်လိုက်သည်နှင့် အသစ်က လက်မခံသည့် လက္ခဏာများပြသ သည်။ ဖွံ့ဖြိုးမှုကြောင့် မဟုတ်။ အဟောင်းကြောင့် မဟုတ်။ မိမိတို့က နှစ်ခုလုံးကိုင်ထား၍သာဖြစ်သည်။
မိမိတို့သည်သာ တရားခံ။ လူတစ်ဦး ချင်း၏ ပြဿနာအားလုံးသည် ယင်းသို့သော ဆန့်ကျင်ဘက် နှစ်ခုကို တစ်ချိန်တည်းကိုင်ထား၍ဖြစ်ပါ၏။ နိုင်ငံတိုင်း၏ ပဋိပက္ခများ သည်လည်း ထိုအချက်က အခြေခံ အကြောင်း ရင်းပင်။ လွယ်လင့်တကူ တစ်ခုခု ကို စွန့်ပစ်ခြင်းမှတစ်ပါး အခြားနည်းလမ်းမ ရှိပေ။
အဟောင်းဆိုသည်မှာ အမှန် တကယ်၌ မရှိတော့သည့် အရာဖြစ် ပါ၏။ အဟောင်းဆိုသည်မှာ အကောင် အထည်ပြ၍မရသော ခံစား မှု ဝေဒနာလေးတစ်ခုဟုဆိုရပါမည်။ အသစ်ဆိုသည်က ယခုပစ္စုပ္ပန်အချိန်၌ မိမိတို့နှင့် တစ်သားတည်း ရှိနေသည့် အရာ။ ပစ္စုပ္ပန်တည့်တည့်မှ အရာဖြစ် ပါ၏။ ဖွံ့ဖြိုးခြင်း၊ တိုးတက်ခြင်း၊ အသစ်ဆိုသည့်အရာသည် ပစ္စုပ္ပန်နှင့် တစ်ပြေးတည်း တစ်ချိန် တည်း ရွေ့နေသည်။ ညဥ့်အခါက မက်ခဲ့သော အိပ်မက်သဖွယ် အဟောင်းကို တမ်း တနေခြင်းဖြင့် ဖွံ့ဖြိုးခြင်းမရှိ၊ တိုးတက် ခြင်း၌ ဗလာနတ္ထိ။ စိတ်ကူးယဉ် အိပ် မက်၌ ပျော်မွေ့နေသူဟု ဆိုနိုင်ပါ၏။ အဟောင်းဆိုသည့် အရာကို ရှေးရိုးရာ ယဉ်ကျေးမှုနှင့် မှားယွင်း စွာထင်မှတ်မှားကြသည်။ ရှေးရိုးရာအစဉ်အလာဆိုသည်ကလည်း ရွေ့လျားနေခြင်းဖြစ်ပါ၏။ ကျောက်ခေတ် က ယဉ်ကျေးမှု သည် နောင်နှစ်တစ်ရာ၌ အစအနသဖွယ်သာကျန်သည်။
လွန်ခဲ့သည့် နှစ် ၁ဝဝဝ နှင့် နောက် နှစ် ၂ဝဝဝ သည်လည်း ကွာခြားခဲ့ သည်။ ရွေ့၍အဟောင်းတို့သည် တစ် ခုပြီးတစ်ခု ကျန်ခဲ့ ထားခဲ့ရသည်။ ယခုမှ မိမိက အဟောင်းများကို ဖက်တွယ်ကာ နောက် နှစ် ၁ဝဝ အထိနေ ရန် တွေးနေပါသလား။တွေးဆကြည့်ရန်ဖြစ်ပါ၏။ အ ဟောင်းသည် ကျန်ခဲ့မည်။ ထားခဲ့ရ မည်။
စွန့်ပစ်ရမည်ဆိုသည့် အပြုအမူ က ဖြစ်ရိုးဖြစ်စဉ်သာ။ မိမိက ပြုလုပ်ရ မည်မဟုတ်။ လူ့ယဉ်ကျေးမှု ဖြစ်စဉ် ကိုယ်နှိုက်က ထိုသို့ဖြစ်ရပ်သာ ရှိပါ၏။ လူသည် တစ်ယောက်တည်း နေသည်မဟုတ်။ လူ့အသိုက်အဝန်း
နှင့် နေရသည်။ ထိုအသိုက်အဝန်းက လူအားလုံးကို အတွေ့အကြုံများနှင့် သင်ကြားပေးလေ့ရှိ၏။
ယင်းအတွေ့ အကြုံသည် ပစ္စုပ္ပန်၏ အတွေ့အကြုံ ဖြစ်သည်။ အသစ်ဖြစ်သည်။ ဖွံ့ဖြိုး တိုးတက်မှု၌ အသုံး တည့်မည့် အသုံး ချရမည့် အတွေ့အကြုံအသစ်များ ဖြစ်သည်။ လူသည် ပစ္စုပ္ပန်နှင့် ကင်း၍မရ။ အသစ်နှင့် မတွေ့ထိ၍မရ။ ဖွံ့ဖြိုးမှုကို ပစ်ပယ်၍မရ။ နေ့စဉ်လျှောက် လှမ်းနေသော လူ့ဘဝလမ်းခရီး၌ ထိုအရာများနှင့် ကင်းပ၍မရဟု ဆိုလျှင် လွန်သည်မဆိုနိုင်ပါပေ။ သို့ဖြစ်၍ လူတို့ဘဝ၌ အဟောင်းဆို သည့် အရာအတွက်
နေရာလက်ကျန် လည်း လုံးဝမရှိတော့ပေ။
မောင်ဈေးကွက်

0 မှတ်ချက်များ for "လောက လမ်းကြောင်းပေါ်က အဟောင်းနဲ့ အသစ်"