ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း (၄)
ဒီမိုကရေစီနှင့် နိုင်ငံရေးညီမျှမှု (Democracy and Political Equality)
ဒီမိုကရေစီနိုင်ငံရေးစနစ်အတွင်းတွင် နိုင်ငံသားအားလုံး နိုင်ငံရေးညီမျှမှု ရှိရမည်သာဖြစ်သည်။ ဤနေရာတွင်နိုင်ငံရေး ညီမျှမှုဆိုသည်မှာ အဘယ်နည်း၊ ၄င်းတို့ကို မည်သည့်စံများအရ မည်သို့တိုင်းတာ မည်းနည်းဟူသော မေးခွန်းများမေး ရန် ပေါ်ပေါက်လာပေလိမ့်မည်။
ပညာရှင်များ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရေဘုယျတင်ပြရလျှင် နိုင်ငံရေးညီမျှဆိုသည်မှာ “မဲပေးခွင့်ရှိ သူတိုင်း တပြားစီ မဲပေးခွင့်ရှိပြီး ထိုမဲပြားတိုင်းသည် တူညီသောတန်ဖိုးရှိရမည်” ဟူ၍ဖြစ်သည်။ ဆင်းရဲချမ်းသာ၊ ကျားမ၊ ဘာသာ၊ လူမျိုး၊ နိုင်ငံရေးယုံကြည်မှု ခွဲခြားမှုမရှိဘဲ နိုင်ငံရေးတွင် အဆင့်အတန်းတူညီစွာ ပူးပေါင်းဆောင်ရွက်ခွင့်ပင် ဖြစ်သည်။
မဲပေးပိုင်ခွင့်ရှိသာ မဲပြားနှင့်တန်ဖိုး တူညီခြင်းဖြစ်ရန် လိုသကဲ့သို့ ထိန်ချုပ်မှု၊ ခြိမ်းခြောက်မှုမရှိဘဲ မဲပေးခွင့်သည်လည်း နိုင်ငံရေးညီမျှမှုအတွက် မရှိမဖြစ်လိုအပ်သည်။
တချို့သောနိုင်ငံများနှင့် နိုင်ငံရေးစနစ်များတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း တူညီသော မဲပြားအရေ အတွက် ရရှိကြသည် မဟုတ်ပေ။ တိုင်းပြည်အုပ်ချုပ်သူ၊ ပညာတတ်သူ၊ စီးပွားချမ်းသာသူ၊ အစိုးရ၀န်ထမ်း၊ သလုပ်သမား၊ လယ်သမား စသည်ဖြင့် အလွှာခွဲခြားကာ မဲပေးစေသည့် စနစ်ကို ကျင့်သုံးခဲ့ကြသည်။ ထိုသို့သော မဲပေးခြင်းကို အလေးကဲသော မဲပေးစနစ် (Weighted Voting System) ဟုခေါ်သည်။ အလေးကဲသော မဲပေးစနစ်အရ နိုင်ငံရေးညီမျှမှု ကို ဖော်ဆောင်နိုင်မည် မဟုတ်ပေ။
အထက်၌ တင်ပြခဲ့သည်တို့မှာ လူတဦးချင်းစီအလိုက် အခွင့်အရေး ညီမျှမှုများဖြစ်ပြီး နိုင်ငံရေးအရ ညီမျှမှုဖြစ်စေရန် အခြားသော လိုအပ်ချက်များသည်လည်း ပါဝင်လျက်ရှိသည်။ ဥပမာ- ယောက်ျား မိန်းမ အခွင့်အလမ်း ညီမျှမှုများရှိစေ ရန် အထူးပြဌာန်းချက်များကို သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွင် နိုင်ငံ၏ လိုအပ်ချက်နှင့် အညီ ပြုလုပ်ကြရသည်။
နေ့စဉ် နိုင်ငံရေးပြဿနာအချို့သည် ညီမျှရှိခြင်း၊ မရှိခြင်းကို အခြေတည်ငြင်းခုံရာမှ ဖြစ်ပေါ်နေကြသည်။ မည်သို့သော အခြေအနေတွင် ညီမျှမှုရှိသည်ဟူး၍ကား အတိအကျပြောရန် ခက်ခဲလှပါသည်။ လူမှုသိပ္ပံသုတေသီ (Social Scientist)များက ညီမျှမှုပြဿနာနှင့် ပတ်သက်၍ အဆုံးသတ်ဖြေရှင်းနိုင်သော အခြေအနေမျိုး မည်သည့်အခါတွင်မျှ ရနိုင်မည်မဟုတ် ကြောင်းဆိုကြသည်။ နိုင်ငံရေးအရ ညီမျှမှုသည် သင်္ချာဘာသာ ညီမျှမှုကဲ့သို့မဟုတ်ဘဲ စိတ်ခံစားမှု နှင့် ပို၍သက်ဆိုင်နေခြင်းကြောင့် ဖြစ်သည်။ “လူတိုင်းသည် တူညီစွာ ဖြစ်တည်လာကြပြီး လွတ်လပ်သောသူ များ ဖြစ်ကြသည်။ ထိုအမှန် တရားသည် အဆက်အစပ်ရှိပြီး ငြင်းဆို၍ မရနိုင်သော အရာများဖြစ်သည်” ဟု အမေရိ ကန လွတ်လပ်ရေး ကြေညာစာတမ်း ရေးသားသူ သောမာ့စ်ဂျက်ဖာဆန် (Thomas Jefferson. 1743-1826) က ရေး သား ခဲ့ပါသည်။
လူတိုင်းသည် တူညီစွာမွေးဖွားဖြစ်တည်လာခြင်းဖြစ်ရာ အခွင့်အလမ်းအရာတွင် အားလုံးတန်တူ ဖြစ်မှုကိုသာ အာမခံရ မည်ဖြစ်ပြီး သင်္ချာနည်းအရ အချိုးချနိုင်သော ညီမျှမှုကို ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်က အကောင်အထည် ဖော်နိုင် မည်မဟုတ်ချေ။ ဒီမိုကရေစီစနစ်တွင် လူတို့၏ အခြေခံ နိုင်ငံရေးအခွင့်အရေး ဆိုင်ရာတို့နှင့် ပတ်သက်သော အချက် များ၌ ညီမျှမှုကိုသာ အာမခံမည်ဖြစ်သည်။ လူတိုင်း၏ စီးပွားရေးနှင့် အခြားရုပ်ပိုင်ဆိုင်ရာ ညီမျှမှုကို အကောင်အ ထည်ဖော်ရန် သို့မဟုတ် အာမခံရန်သည် ဒီမိုကရေစီ၏ အဓိက တာဝန် မဟုတ်တော့ဘဲ ဒီမိုကရေစီကို ကျင့် သုံးခြင်းပြုသော လူ့အဖွဲ့အစည်း အတွင်းရှိ နိုင်ငံရေးစနစ်ကို ၀ိုင်းဝန်း တည်ဆောက်သ်ည့ အခြားသော ကဏ္ဍများ၏ တာဝန်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီသည် အုပ်ချုပ်ရေးစနစ်သာ ဖြစ်ပြီး စီးပွားရေးနှင့် လူတို့၏ အခြားရုပ်ပိုင်းဆိုင်ရာ ညီတူညီမျှ တိုးတတ်ရေး သီအိုရီတရပ် မဟုတ်ခြင်း ကြောင့်ဖြစ်သည်။
ဥပမာအားဖြင့် ပြည်သူ့ဒီမိုကရေစီကို ကျင့်သုံးသော နိုင်ငံများတွင် လူတိုင်း၏ ရုပ်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုကို အာမခံ အကောင်အထည် ဖော်ပေးမည့် ကွန်မြူနစ်ဝါဒနှင့် ထိုဝါဒအခြေခံအရ တည်ဆောက်ထားသော စီးပွားရေးစနစ်၊ နိုင်ငံရေးစနစ်နှင့် အစိုးရအဆောက်အအုံ များရှိကြသည်။
ဒီမိုကရေစီကျင့်ဝတ်များ (Democratic Ethic)
“ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်သည် အကောင်းဆုံးဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အခြားသော အုပ်ချုပ်ရေး စနစ် များသည် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထက် ဆိုးသောကြောင့်ဖြစ်သည်” ဟု အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဦး ဆုံး ၀န်ကြီးချုပ်ဖြစ်သူ နေရူး (Jawaharlal Nehru,1889-1964) က ပြောခဲ့ဖူးသည်။ ယနေ့အချိန်အထိ လူ့အဖွဲ့ အစည်း တွင် ကျင့်သုံးခဲ့ဖူးသော အုပ်ချုပ်ရေးစနစ်များထဲတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်သည် အကောင်းဆုံးဖြစ်သည်ဟု လူအများက လက်ခံထား၍သာ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးကို ကြိုးပမ်းနေကြခြင်းဖြစ်သည်။
ဒီမိုကရေစီထက် ကောင်းမွန်သာလွန်သော အုပ်ချုပ်ရေးစနစ်များ ရှိသည်ဟု အချို့သော အတွေးအခေါ်ပညာရှင်း များနှင့် နိုင်ငံရေးသမားမျာက ပြောဆိုတတ်ကြသည်။ ထိုသို့ပြောဆိုချက် မှန်သည် မှားသည်ကို အတိအကျငြင်းချက် ထုတ်ရန်မှာ ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီသည် ပြီးပြည့်စုံသောအုပ်ချုပ်ရေးစနစ် တရပ် မဟုတ်ခြင်း၊ ထိုအုပ်ချုပ်ရေးစနစ် အရ ဖြေရှင်းမရနိုင် သေးသော ပြဿနာများရှိနေသေးခြင်းက ဒီမိုကရေစီ ထက်
ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်တရပ် မွေးဖွားပေးရန် အခြေခံအကြောင်းတရားများအဖြစ် လူအများ သိမြင်ထား ကြ၍ ဖြစ်သည်။ သို့သော် ယနေ့အချိန်ခါသည်ကား ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထက် သာလွန်ကောင်းမွန် သည် ဆိုသော အုပ်ချုပ်ရေး စနစ်ခေတ်ကို မရောက်သေးသည်မှာ သေချာသည်။
မဖော်ထုတ်နိုင်သေးသည်မှာလည်း သေချာနေသည်။ ထို့ကြောင့် ဒီမိုကရေစီ၏ အားနည်းချက်များကို ထောက်ပြဝေ ဖန်မှု တခုတည်းဖြင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် တခုလုံးကို ပစ်ပယ်ခြင်း၊ ဆန့်ကျင်ခြင်းကား မပြုအပ်ပေ။ ဒီမိုကရေစီ ကျင့်စဉ်အတိုင်းသား နေထိုင်ကျင့်ကြံပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်အတွင်း ပါဝင်ပတ်သက်ရမည်သာ ဖြစ်သည်။
ဒီမိုကရေစီကျင့်စဉ်ကို မည်သို့ နာလညသဘောပေါက်ကြမည်နည်း။ အများစု၏ ဆန္ဒအတိုင်း အုပ်ချုပ်ခြင်းနှင့် အနည်း စု၏ ဆန္ဒကို လေးစားခြင်းသည် ဒီမိုကရေစီကျင့်စဉ်ပင် ဖြစ်သည်ဟူ၍အချို့က ဖြေပေး လိမ့်မည်။ ရေဘုယျ အားဖြင့် မှန်ကန်ပြီး ဒီမိုကရေစီကျင့်စဉ်တွင် ထိုထက် လေးနက်သော အရာကိစ္စများ ပါဝင်နေသည်ကို သတိချပ်ရပေ မည်။ ရှာဖွေဖော်ထုတ် ကျင့်သုံးတတ်ရပေမည်။
ဒီမိုကရေစီသည် ပြဿနာများကို ငြိမ်းချမ်းစွာအဖြေရှာရန် ပြဌာန်းပေးသည်။ မည်သည့် နိုင်ငံရေး စနစ်၊ အုပ်ချုပ်ရေး စနစ်တွင်မဆို ပြဿနာများ မပေါ်ပေါက်ရန် တားမြစ်နိုင်မည် မဟုတ်ချေ။ ပေါ်ပေါက်လာသော ပြဿနာကို မည် သို့ဖြေရှင်းရန် ပြဌာန်းခြင်းဟူသည့် အချက်ကသာ ထိုနိုင်ငံရေးစနစ်၏ ခိုင်မာမှုကို အာမခံချက် ပေးမည်။
ဒီမိုကရေစီထွန်းကားရန် လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီသဘောတရား (Social Contract Theory) အပေါ် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက လက်ခံယုံကြည်မှု ပေါ်တွင်လည်းမူတည် ပါသည်။ လူသည် တဦးတည်း ရပ် တည်ခြင်းမပြုနိုင်သဖြင့် အများနှင့် စုပေါင်းနေထိုင်လာရသည်။ မိမိ၏ လွတ်လပ်မှုနှင့် အခွင့်အရေးများကို ခံစားခွင့် ရှိသကဲ့သို့ လိုက်နာစောင့်ထိန်းရမည့် တာဝန်များကိုလည်း မပျက်မကွက် စောင့်ထိန်းလိုက်နာပါမှ လူမှုရေးပဋိ ညာဉ်ပြု မှု သဘောတရားအရ အဖွဲ့အစည်းနှင့် နေထိုင်တတ်သော လူဖြစ်လာမည်။ မည်သူမဆို ရပိုင်ခွင့် အခွင့်အရေး တခု တည်းကိုသာ အဓိကထားနေလျှင် ပဋိညာဉ်ပြုထားသော လူ့အဖွဲ့အစည်း၏ ပြင်ပ တွင် နေထိုင်ရန်သာဖြစ်သည်။
လူ့အဖွဲ့အစည်းတွင်း နေထိုင်သူတိုင်းသည် အခွင့်အရေးနှင့် တာဝန် (Rights & Obligation) ကို သယဇာတဖြစ်စွာ ကျင့် သုံးခြင်းဖြင့် လိုက်နာစောင့်ထိန်းခြင်း ပြုရပေမည်။ ထိုသဘောတရား အခြေခံမှ ဒီမိုကရေစီကျင့်စဉ်အတွက် ထုတ် ယူနိုင်သော သီအိုရီမှာ အများစု၏ဆန္ဒအရ အုပ်ချုပ်ခြင်း၊ အနည်းစုဆန္ဒကို လေးစားခြင်းဆိုသည့် သီအိုရီဖြစ်သည်။
လူတိုင် မိမိဆန္ဒ သဘောထားများကို တင်ပြခွင့်၊ ထိုအတိုင်း လုပ်ဆောင်ခွင့် ကိုလိုလားကြသည်။ ဒီမိုကရေစီတွင် ဆန္ဒ သဘောထားကို တင်ပြမှုအခွင့်အရေး အပြည့်အ၀ပေးထားသည်။ သို့သော် လူတိုင်း မိမိဆန္ဒအတိုင်း လုပ်ဆောင်ခွင့် ရရေးမှာ အမြဲတမ်း ဖြစ်နိုင်မည်မဟုတ်ပေ။ လူတိုင်းတွင် ကွဲပြားခြားနားသော ဆန္ဒဘဘောထား ကိုယ်စီ ရှိနေကြ သည်။
ထိုကွဲပြားမှုများကို စုစည်းပြီး အများဆုံး သဘောတူလက်ခံနိုင်မည့် ဆန္ဒအရသာ ဆောင်ရွက်ခွင့်ရှိပေမည်။ ထိုဆန္ဒ သည် အများစု ဆန္ဒ ဖြစ်သဖြင့် အနည်းစုဆိုသော ကိုယ်စားပြုခွင့်မရသည့် ဆန္ဒများ ကျန်ရှိနေပေမည်။ ထိုအခါ အနည်းစုသည် ၄င်းတို့ဆန္ဒှင့် မကိုက်ညီစေကာမှု အများစုဆန္ဒအတိုင်း ဆောင်ရွက်မှုကို ပူးပေါင်းဆာင်ရွက်ခြင်း၊ လိုက်နာကျင့်ကြံခြင်း ပြုရပေမည်။ ဤသည်မှာ လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီအရ လူ့အဖွဲ့အစည်းအတွက် လိုက်နာရမည့် တာဝန်ဖြစ်သည်။
မိမိ၏ အခွင့်အရေးကို လွတ်လွတ်လပ်လပ် ကျင့်သုံးခွင့်ရှိသည်ဟူသော အယူအဆသည် အပျက်သဘော လွတ်လပ်မှုဖြစ်ကြောင်း ၂၀ ရာစု နိုင်ငံရေးအတွေးအခေါ် ပညာရှင်များက အရေးပေးဖော် ထုတ်ခဲ့ကြသည်။ ထိုအတွေးအခေါ်သည် လူမှုရေးပဋိညာဉ်ပြုမှု သီအိုရီသဘော တရားကို အားဖြည့်သကဲ့သို့ ဒီမိုကရေစီကျင့်စဉ်အပေါ် အားဖြည့်ပေးထားသည် ကိုလည်းတွေ့ရသည်။
အများစုဆန္ဒအရ အုပ်ချုပ်ခြင်းဖြစ်ပြီး အနည်းစုဆန္ဒကို လေးစားလိုက်နာခြင်းဆိုသည့် ဒီမိုကရေစီအခြေခံကျင့်စဉ်မှုကို လက်ခံထားရုံ၊ ကျင့်ကြံနေရုံမျှဖြင့် လူနည်းစု၏ ကိုယ်စားပြုခွင့် မရလိုက်သော ဆန္ဒကို လေးစားရာရောက်ပြီဟု မဆိုနိုင်သေးချေ။ အများစုဆန္ဒအရ အုပ်ချုပ်ခြင်းကိုသာ အဓိကထားလျှင် အများစု၏ အာဏာအလွဲသုံး အုပ်ချုပ်မှု (Majority Tyranny) အဖြစ်သို့ ဦးတည်သွားပေလိမ့်မည်။
အနည်းစုဆန္ဒကို အမှန်တကယ်လေးစားကြောင်း ပြသသည့် အနေဖြင့်အနည်းစုဆန္ဒပါ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ကိုယ်စားပြု ပါဝင်နိုင်စေမည့် နည်းလမ်းများ ရှာဖွေရန်လိုအပ်သည်။ အချို့သော ဒီမိုကရေစီ လူ့အဖွဲ့အစည်းများတွင် ရှာဖွေဖော်ထုတ် ကျင့်သုံးနေပြီ ဖြစ်သည်ကို တွေ့ရသည်။ ဆန္ဒမဲ အချိုးအစားလိုက် ပေါ်လစီရေးရာ ဆုံးဖြတ်ချက် ချမှတ်ရာတွင် ပါဝင်ခွင့်ရအောင် စီမံထားသော ဆန္ဒအချိုးကျ ဒီမိုကရေစီ (Consensus Democracy) ဆိုသည်ကို ဥရောပ အချို့နိုင်ငံများတွင် ၁၉ ရာစုနှောင်းပိုင်းကတည်းက ဖော်ထုတ် ကျင့်သုံးခဲ့သည်။
ဆန္ဒအချိုးကျ ဒီမိုကရေစီကို ကျင့်သုံးနိုင်သောအခါ အနည်းစု၏ ဆန္ဒမဲများသည် လုံးလုံးလျားလျား ဥပေက္ခာပြုခံရခြင်း မျိုး မဟုတ်တော့ဘဲ မိမိတို့ရရှိသော ဆန္ဒမဲအချိုးအစား အတိအကျကို ပေါ်လစီရေးရာ ချမှတ်မှုတွင် ကိုယ်စားပြုခွင့် ရ လာကြသည်။ ဆန္ဒအချိုးကျ ဒီမိုကရေစီးနှင့် နှိုင်းယှဉ်လေ့လာ သင့်သည့် ဒီမိုကရေစီသည် အနည်းစုဆန္ဒကု လုံးဝပစ် ပယ်ပြီး အများစုဆန္ဒ သက်သက်အရသာ ပေါ်လစီရေးရာ ဆုံးဖြတ်ချမှတ်သည့် အများစုဆန္ဒ အခြေပြု ဒီမိုကရေစီ တနည်းအားဖြင့် အနိုင်ရသူက အရာရာကို ဆုံးဖြတ်သော ဒီမိုကရေစီ (Winner Talks All) ဖြစ်သည်။ ထိုဒီမိုကရေစီကို အချို့က အများစုအာဏာ အလွဲသုံးစားမှုဟု ဝေဖန်ကြာရာမှ ဆန္ဒအချိုးကျ ဒီမိုကရေစီကို ဖော်ထုတ်ကျင့် သုံးလာခြင်းဖြစ်သည်။
လူအနည်းစု၏ ဆန္ဒကို ဆန္ဒအချိုးကျ ဒီမိုကရေစီတွင် ကိုယ်စားပြုခွင့်ရသည်ထက် ဆုံးဖြတ်ချက် ချမှတ်မှု လုပ်ငန်းစဉ်တွင် ပိ၍လေးနက်စွာ ပါဝင်ခွင့်ပြုသော ရှာဖွေဖော်ထုတ်မှုတခုမှာ ကွန်ဆိုစီရေးရှင်း ဒီမိုကရေစီဆိုသည်ကို ဖော်ထုတ်ကျင့်သုံးမှုဖြစ်သည်။ ဆန္ဒအချိုးကျ ဒီမိုကရေစီနှင့် ကွန်ဆိုစီရေးရှင်း ဒီမိုကရေစီသည် ဆက်စပ်မှုရှိနေကြသည်။ ၄င်းဒီမိုကရေစီပုံစံများကို လူနည်းစုဆန္ဒအား လေးစားမှုပြသည့် အနေဖြင့် ဖော်ထုတ်ကျင့်သုံး လာကြခြင်းဖြစ်သည်။
ဒီမိုကရေစီသည် ပြဿနာများကို ငြိမ်းချမ်းစွာ အဖြေရှာမှုအပေါ် အခြေခံ၍ ပို၍တရားမျှတသော လူမှုဆက်ဆံရေး၊ နိုင်ငံရေးဆီသို့ ဦးတည်သွားနေသည်။ အခိုက်အတံ့အားဖြင့် အနည်းစုဆန္ဒ အရေးနိမ့်မှုကြောင့် ဒီမိုကရေစီကျင့်စဉ်ကို လိုက်နာရန် ပျက်ကွယ်ခြင်းမရှိသင့်သကဲ့သို့ အနည်းစု ဆန္ဒကို ရာသက်ပန် လစ်လျူရှုထားသည့် အများစုဆန္ဒအရ အုပ်ချုပ်မှုမျိုးလည်း မဖြစ်သင့်ပါ။ ထိုဘောင်အတွင်းတွင်း ငြိမ်းချမ်းစွာ ဖြေရှာခြင်းဖြင့် ပြဿနာများ ပို၍ပြေလည်စေနိုင် မည့်နည်းလမ်းများရှိကြောင်း ဆန္ဒအချိုးကျ ဒီမိုကရေစီနှင့် ကွန်ဆိုရေးရှင်း ဒီမိုကရေစီကို ဖော်ထုတ်ကျင့်သုံးခြင်းက သက်သေပြခဲ့လေပြီ။
ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။

0 မှတ်ချက်များ for "ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း (၄)"