သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရ လက်တွေ့ဆောင်ရွက်ရန်လို
![]() |
| ဦးအုန်း |
အံ့ဘုန်းမြတ် ၂၄ မေ ၂၀၁၁ (ဒီဗွီဘီ)
နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးယိုယွင်းမှုတွေကို ထိန်းသိမ်းနိုင်ဖို့ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေရယူပြီး အစိုးရသစ်က လက်တွေ့ အကောင်အထည် ဆောင်ရွက်ဖို့လိုတယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တတ်သိပညာရှင်တွေက ပြောဆို လိုက်ကြပါတယ်။
အစိုးရအဖွဲ့သစ်ရဲ့ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ထားတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီက ဒီလ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့ရှိ IBC (International Business Center) ပြုလုပ်ခဲ့တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေနဲ့ NGO၊ INGO အဖွဲ့အစည်းတွေ တွေ့ဆုံ ဆွေးနွေးပွဲအပြီး ပညာရှင်တွေက ပြောကြားလိုက်ကြတာ ဖြစ်ပါတယ်။
အဲဒီလို ပြောကြားထားတဲ့အထဲက ဖရီဒါခေါ် “သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့” ရဲ့ ဒု-ဥက္ကဋ္ဌ ဦးအုန်းနဲ့ မေးမြန်းထားပါတယ်။
မနေ့က IBC မှာ လုပ်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီနဲ့ ပညာရှင်တွေ၊ စာနယ်ဇင်းဆရာတွေရဲ့ တွေ့ဆုံပွဲအကြောင်း ရှင်းပြပေးပါဦး။
ဦးဝင်းထွန်းက သစ်တောရေးရာဝန်ကြီးပေါ့။ သူက သဘာဝပတ်ဝန်းကျင် ဥက္ကဋ္ဌ၊ နောက်ရန်ကုန်တိုင်းဒေသကြီးက ၀န်ကြီးချုပ် ဦးမြင့်ဆွေကလည်း ပြောတယ်။ သူတို့ နှစ်ယောက် ပြောပြီးတော့ လူလေးငါးဆယ်ယောက်လောက်ကတော့ ထမေး ကြ၊ ပြောကြ၊ အကြံပြုကြ၊ ဆွေးနွေးကြတာပေါ့။ တော်တော်ပွင့်ပွင့်လင်းလင်းပဲ ရှိပါတယ်။
ဒီအခမ်းအနားမှာ ကအတွေ့အကြုံ လေးတွေလဲ သိချင်ပါတယ်ခင်ဗျ။
သူတို့က ပွင့်ပွင့်လင်းလင်းရှိပြီးတော့ ဒါက ပထမဦးဆုံးပေါ့။ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း ပြောခွင့်ပေးတာဆိုတော့ ၀မ်းသာစရာပေါ့။
ဆရာအပါအ၀င် အခြားပုဂ္ဂိုလ်တွေကရော ဘာတွေ မေးမြန်းဆွေးနွေးခဲ့ကြလဲဗျ။
ကျနော်ကတော့ ဥပဒေတွေဘာတွေ လုပ်ဖို့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာဥပဒေတို့၊ ဇီဝဘေးကင်းရေးဥပဒေ၊ မူပိုင်ခွင့်ဥပဒေတို့၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ စသည်ပေါ့။ ဒါတွေကို ကျနော်တို့ ဆွေးနွေးတယ်။ စာရေးဆရာ ချစ်စံဝင်း ကလည်း တော်တော်လေး ဆွေးနွေးခဲ့တယ်။ စာပေလွတ်လပ်ခွင့်ရဖို့ သဘာဝပတ်ဝန်းကျင်ကိစ္စတွေနဲ့ပတ် သက်ပြီးတော့ စာပေစိစစ်ရေးက Relax (လျော့ပေါ့) လုပ်ဖို့ကိစ္စပြောတယ်။ နောက် ကျနော်တို့ သူ့ရှု့ထောင့်နဲ့သူ ပြောကြဆိုကြ ရှိပါတယ်။
ဒီလိုဆွေးနွေး အကြံပေးခဲ့ကြတော့ အစိုးရအဖွဲ့အနေနဲ့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ အာမခံ ဖြေကြားပေးသွားတာမျိုးတွေရော ရှိလားဗျ။
ဘာမှတော့ အဖြေပေးမသွားဘူး။ ကျနော်တို့ အကြံပေးတာတွေ အကုန်တော့ မှတ်သွားတယ်။ ကျနော်တို့ပေးတဲ့ အကြံဥာဏ်တွေက အလွန်ကောင်းတယ်။ သူ မျှော်လင့်ထားသလိုပဲ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြတာတွေ ကြိုဆိုတယ်။ ဒါတွေ မှတ်သားပြီး အတတ်နိုင်ဆုံး သူအဆင်ပြေအောင်လုပ်မယ်လို့တော့ ပြောသွားတာပဲ။ သူတို့အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ ပြောတယ်။
အစိုးရအဖွဲ့က ဆရာတို့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကိုရော တကယ် အကောင်အထည်ဖော်လာနိုင်ပါ့မလားဗျ။
ပြုပြင်နေတာတော့ သေချာတယ်။ သူတို့ဆန္ဒရှိတယ်။ သူတို့ရဲ့ပြောပြချက်တွေက စနစ်ကျတယ်လို့ ယူဆတယ်။ အကောင်အထည်ဖော်ဖို့ ဆိုတာတော့ တချို့ကိစ္စတွေက နေ့ချင်းညချင်း လုပ်လို့မရဘူး။ ဥပဒေလိုဟာမျိုးဆိုပါတော့၊ ဥပဒေတွေကို မူကြမ်းတွေ ဆွဲပြီးပြီ။ ဥပဒေအနေနဲ့တော့ အကောင်အထည် မသက်ရောက်သေးဘူး။ အဲဒါတွေတော့ နေ့ချင်းညချင်း လုပ်ဖို့မလိုပါဘူး။ အချိန်တော့ ယူရမယ်။ အချိန်သိပ်ယူရင်လည်း ခေတ်နဲ့အပြိုင် နောက်ကျသွားမှာစိုးလို့ အကြံပြုတယ်။
အရင်တုန်းကဆိုရင် အစိုးရက ပညာရှင်တွေပြောတာ သိပ်ဂရုမစိုက်ခဲ့ဘူး။ အခုက ပညာရှင်တွေရဲ့ အကြံပေးတာတွေကို နားထောင်လာတယ်ပေါ့။ ဒီအပေါ်ကိုရော ဆရာဘယ်လိုမြင်လဲဗျ။
ကျနော်တို့ ဒီလိုအခွင့်အရေးမျိုးက ပထမဦးဆုံး ရတဲ့အခွင့်အရေးမျိုးပါ။ ပထမဦးဆုံး လွတ်လွတ်လပ်လပ် နိုင်ငံတော်အစိုးရကိုယ်စားလှယ်တွေနဲ့ အန်ဂျီအိုနဲ့ မီဒီယာနဲ့ စာရေးဆရာတွေ၊ ပညာရှင်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတာတော့ ဒီခေတ်မှာ ပထမဦးဆုံးဆိုတော့ ကြိုဆိုပါတယ်။ ကျေနပ်တယ်။ အဲဒါလေးပဲ။ နိုင်ငံ တော်အစိုးရလည်း အပြုသဘောမျိုးနဲ့ စာလည်းရေးတယ်။ ပြောလည်းပြောတယ်။ ဟောပြောပွဲတွေလုပ်တယ်။ အဲဒါတွေအပေါ်မှာကိုလည်း လွတ်လွတ်လပ်လပ် ရှိတဲ့အတွက် ကျေနပ်ပါတယ်။ ကျနော်တို့အပေါ်မှာ ကောင်းမြင်ပြီးတော့ ဒီအဖိုးကြီးတွေက သူတို့သေခါနီးမှာ တိုင်းပြည်အတွက် သူတို့ အကောင်းဆုံးဖြစ်အောင် စေတနာနဲ့ လုပ်တယ်ဆိုတာကို သူတို့ လက်ခံတာကိုတော့ ကျနော်ယုံပါတယ်။ လက်မခံ ဘူးဆိုရင်တော့ ကျနော်လည်း အချုပ်ထဲရောက်တာ ကြာပြီ။ စေတနာ ထားတာ ကိုတော့ ကျေးဇူးလည်းတင်တယ်။ ရှေ့လည်းဆက်ပြီးတော့ အတတ်နိုင်ဆုံး သဘာဝပတ်ဝန်းကျင် သာယာအောင် လုပ်မယ်လို့ ခံယူထားပါတယ်။
သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီကို ဆက်စပ်ဝန်ကြီးဌာနတွေက ၀န်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေပါဝင်တဲ့ အဖွဲ့ဝင် ၂၁ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။
ဒီအခမ်းအနားမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်းက နိုင်ငံတော်အဆင့်က ဆောင်ရွက်ရမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များအပေါ် ဝေဖန်အကြံပေးမှု တွေကို ကြိုဆိုလက်ခံမှာ ဖြစ်သလို အကြံပေးမှုတွေကို အဆင့်ဆင့် အမြန်ဆုံး အကောင်ထည် ဖော်မယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၄၇ ရာခိုင်နှုန်းသာ ကျန်ရှိတော့ပြီး နှစ်အလိုက် သစ်တောဧရိယာ လျော့ကျမှုမှာ ဟက်တာ ၅၀,၀၀၀ နီးပါးရှိနေသလို မြန်မာ့သစ်တောတွေရဲ့ မြေပေါ်နဲ့ မြေအောက် ကာဗွန် ထိန်းသိမ်းထားနိုင်စွမ်းမှာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၀ အတွင်း ၀ ဒသမ ၃၈၇ မီလျံမက်ထရစ်တန် လျှော့ကျလာခဲ့ရတယ်လို့ အာဆီယံဒေသတွင်း နိုင်ငံတွေက ပညာရှင်တွေရဲ့ စစ်တမ်းက ဆိုပါတယ်။


0 မှတ်ချက်များ for "သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရ လက်တွေ့ဆောင်ရွက်ရန်လို"