နေပြည်တော် မီးရရန် ရွာ ၂၀ ကျော် ရွှေ့ရမည်
နေပြည်တော်အတွက် လျှပ်စစ်မီး ထုတ်လုပ်မည့် အ ထက်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်း နယ်မြေရှိ ရွာပေါင်း ၂၃ ရွာမှလူဦးရေ ၈၀၀၀ ကျော်သည်နေရပ်ကို စွန့်ခွာရဖွယ် ရှိသည်ဟု သိရသည်။
လာမည့် အောက်တိုဘာလ နောက်ဆုံးထားပြီးထိုဒေသမှ ထွက်ခွာကြရန် အာဏာပိုင်တို့က ဖိအား ပေးနေကြောင်း ကယန်းမျိုး ဆက်သစ်လူငယ်အဖွဲ့ (KNGY) က ယနေ့ ထိုင်းနိုင်ငံ တနေရာတွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားလိုက်သည်။
“ဒေသခံတွေက ဘယ်နေရာကို ပြောင်းရွှေ့ရမယ် မသိဘူး၊ ပေါင်းလောင်းဒေသ က တောင်ကြီးတွေဖြစ်နေ တယ်လေ။ အဲဒါကြောင့် သူတို့က ပြောင်းရွှေ့ နေထိုင်ဖို့ အရမ်း ခက်နေတယ်” ဟုKNGY အဖွဲ့မှ မမူမိုးလေး က ပြောသည်။
နှစ်သက်ရာ နေရာသစ်ကို ရွေးချယ်ခွင့် ပေးထားသော်လည်း ဒေသခံများက ပြောင်းရွှေ့ခြင်းမရှိသေး ကြောင်း မမူမိုးလေးက ပြောသည်။
စီမံကိန်းနှင့် ပတ်သက်ပြီး KNGY အဖွဲ့၏ အစီရင်ခံစာတစောင်ကို ယနေ့ ထုတ်ပြန်ရာ ၂၀၀၄ခုနှစ်တွင် စတင်ခဲ့
သော ဤစီမံကိန်းမှ လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၁၄၀ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းသည် စစ်တောင်း
မြစ်၏ မြစ်လက်တက် ဖြစ်သောပေါင်းလောင်းမြစ်ညာပိုင်းတွင် တည်ရှိပြီး နေပြည် တော်နှင့် ကီလိုမီတာ ၅၀ခန့် အကွာအဝေးတွင် ရှိကြောင်း ဖော်ပြထားသည်။
“၂၀၀၄ ခုနှစ်က စပြီး ကျနော့် အိမ်ဆောက်ဖို့ အတွက် ဘိလပ်မြေတွေ ၀ယ်စုလာခဲ့တာပါ၊ ခုတော့ ဒီပစ္စည်း တွေ
ရေအောက် ရောက်ပြီး အဆုံးခံမယ့်အစား ဘုန်းကြီးကျောင်းကို ကျနော်လှူလိုက်တော့ တယ်၊ ဘယ်သူမှ အိမ် မဆောက်ဝံ့ကြတော့ဘူး၊ ကျနော်တို့မှာ ဘယ်ကိုပြောင်းရမယ်မှန်းလည်း မသိ ပါဘူးဗျာ” ဟု ဒေသခံ ရွာသား တဦးက ပြောဆိုကြောင်းအစီရင်ခံစာတွင် ရေးထားသည်။
ထိုဒေသတွင် နေထိုင်သော မြန်မာ၊ ကယန်း၊ ပအို့ဝ် တို့မှာ စိုက်ပျိုးရေးဖြင့်အသက်မွေးကြ ကြောင်း၊ စီမံကိန်း လုံခြုံရေး တာဝန်ယူထားသောစစ်တပ်များရောက်လာပြီးနောက် ဒေသခံတို့ လုပ် အားပေးရပြီး၊ ဒဏ်ကြေး ကင်းကြေးခေါင်းစဉ်များဖြင့်ငွေပေးရသည်ဟုဆိုသည်။ ဒေသခံတို့၏ တောင် ယာ စိုက်ပျိုးရေး လုပ်ငန်းများ တားမြစ်ခံရကြောင်းလည်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
လုပ်ငန်း ပြီးစီးမှု ၆၀ ရာခိုင်နှုန်း ရှိပြီ ဖြစ်သော စီမံကိန်းသည် ၂၀၁၂ တွင်အဆုံးသတ်ဖွယ်ရှိသည်ဟု ဆိုသည်။
ပြောင်းရွှေ့နေထိုင်မည့် နေရာသစ်တွင် မြေထိုးစက်ဖြင့် မြေညှိခြင်း၊ပြောင်းရွှေ့ရွာသစ်တိုင်းအတွက် ရေလှောင်
ကန်တကန်နှုန်း တူးဖော်ခြင်းတို့ကိုပြုလုပ်ပေးမည်ဟု အာဏာပိုင်တို့က ကမ်းလှမ်းထား ကြောင်း “ပြောင်းစေ အမိန့်ဖြင့်နှင် ထုတ်ခံရခြင်း” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
ဆွစ်ဇာလန်နိုင်ငံမှ ဆောက်လုပ်ရေး ကုမ္ပဏီ ဖြစ်သော AF-Colenco၊ လန်ဒန်အခြေစိုက်Malcolm Dunstan and Associates နှင့် တရုတ်နိုင်ငံမှ Yunnan Machinery and ExportCompany တို့ စီမံကိန်းတွင် ပါဝင် ပတ်သက်နေကြောင်း အစီရင်ခံစာတွင် ရေးထားသည်။

0 မှတ်ချက်များ for "နေပြည်တော် မီးရရန် ရွာ ၂၀ ကျော် ရွှေ့ရမည်"